Tuesday, September 2, 2008

သတင်းမှားတယ်ဆိုတဲ့အပေါ် ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ ပြန်ရှင်းပြီ


၂၀၀၈ ခုနှစ် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွင် ကဗျာဆရာမ ခိုင်မာကျော်ဇောကို
ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ အင်တာဗျူးနေစဉ်

သို့ /
သက်ဆိုင်သူများခင်ဗျာ …

ကျနော်ပြုလုပ်ခဲ့တဲ့ မြန်မာဘလော့ဂါများသတင်းနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒီစာကို ကျနော်ပြန်လည်ရေးသားစရာကို အကြောင်းမရှိပါ (ဘာကြောင့်လဲဆိုတော့ ကျနော့်သတင်း လုံးဝမှားယွင်းမှုမရှိဘူးလို့ အကြွင်းမဲ့လက်ခံထားလို့ ဖြစ်ပါတယ်)။ သို့ပေမယ့် လွတ်လပ်စွာ ပြန်လည်ချေပခွင့်ရှိတယ်လို့ ယူဆမိတဲ့အတွက် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။

အစကနေ စပြောရရင် ဒီသတင်းကို မရေးသားခင် ၃ ရက်လောက်အလိုမှာကတည်းက ဒီသတင်းကို ကျနော်ရ ထားပြီး ဖြစ်ပါတယ်။ ပိုပြီးသေချာအောင်နဲ့ သေသေချာချာ ဂဃနဏ ပြောနိုင်မယ့် သတင်းရင်းမြစ်တွေကို လိုက်လံစုဆောင်းနေခဲ့တာပါ။ ဒီသတင်းမရေးသားခင် အနည်းဆုံး မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေ ရော ဘလော့ဂါတွေနဲ့ နီးစပ်သူတွေရော ၅ ယောက်ထက်မနည်း စကားပြောပြီး ဖြစ်ပါတယ်။ သူတို့တတွေ ကိုယ်တိုင်က သူတို့အသံကို မသုံးဖို့ ကတိတောင်းထားသလို ပွဲပိတ်ခံရတာတော့ သေချာကြောင်း အကြောင်း ပြန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းသာမက ပြည်ပက ဘလော့လုပ်နေသူတွေဖြစ်တဲ့ မခင်မင်းဇော်၊ ကိုဈာန်၊ မမေငြိမ်းတို့ကို လည်း စုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ် (သူတို့ လက်ရှိထိုင်းနိုင်ငံမှာ ရှိနေပါတယ် မေးကြည့်လို့ ရပါတယ်)။ သတင်း လုပ်မယ့်နေ့မှာ သေသေချာချာပြောနိုင်တဲ့ စာနယ်ဇင်းသမားတဦးက သူ့အသံကို ခွင့်ပြုကြောင်းနဲ့ နံမည်မပါ ရင် ရပါတယ်ဆိုတဲ့ ခွင့်ပြုချက်ကြောင့် အပိတ်ခံရတဲ့အကြောင်း အဲဒီစာနယ်ဇင်းသမားအသံကို သုံးလိုက်ပါ တယ်။ သူတစ်ယောက်ထဲနဲ့ မေးပြီးရေးရင် မသေချာမှာစိုးလို့ အခြားဆန့်ကျင်ဖက်ထောင့်ဖြစ်တဲ့ ကြီးမှူးကျင်း ပမယ်ဆိုတဲ့ မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်း ဖုန်းနံပါတ် ၆၅၂၂၇၆ ကို ထပ်ပြီးဆက်သွယ်ပါတယ်။ သတင်းထဲမှာ သုံးထားတဲ့အတိုင်း အဲဒီဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လို့ ပြန်ဖြေတာကို အား လုံးလည်း သတင်းထဲမှာ ကြားကြမှာပါ။ နောက်သတင်းရင်းမြစ် တစ်ယောက်ကတော့ မြန်မာဘလော့ဂါ တစ် ယောက်ပါ။ သူကတော့ အပိတ်ခံရတဲ့အပေါ် ဝေဖန်သုံးသပ်တာပါ။

ဆိုတော့ သတင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် …
၁။ အပိတ်ခံရတယ်လို့ စာနယ်ဇင်းသမားတစ်ယောက်က ပြောတယ်။
၂။ ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က အပိတ်ခံရ တယ်ဆိုတာကို အတည်ပြုပြောကြားတယ်။
၃။ ကြားနေသတင်းရင်းမြစ် တစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ပါတယ်။

ဆိုတော့ ဒီသတင်းဟာ ဘယ်နေရာက မှားယွင်းနေပါသလဲ။ အပိတ်မခံရတာကို အပိတ်ခံရတယ်လို့ ရေးရင် တော့ ကျနော့်သတင်းအမှားပါ။ အခုဟာက တကယ်အပိတ်ခံရတာကို အပိတ်ခံရတဲ့အကြောင်း ရေးတာကို မှားတယ်ဆိုရင်တော့ ဘယ်ဟာတွေ မှားသလဲဆိုတာ တိတိကျကျ အချက်အလက်နဲ့ ရေးသားဖို့ လိုပါလိမ့်မယ်။ ရပ်ကွက်ထဲက လူတွေရေးသလို ပိုက်ဆံရတိုင်း လုပ်နေကြတယ် စတဲ့အသုံးအနှုန်းတွေ သုံးဖို့မသင့်တော်ပါ။ သတင်းတစ်ပုဒ်လုံးကို သေသေချာချာ ပြန်လည်နားထောင်ပြီးမှ ကျနော့်ထံကို စာရေးသားစေချင်ပါတယ်။ အ သံနဲ့လွှင့်တဲ့ သတင်းတစ်ပုဒ်ကို နားမထောင်ဘဲ ၀က်ဘ်ဆိုက်မှာ ရေးတာလောက်နဲ့ ဝေဖန်မဆန်းစစ်စေလိုပါ။ ကျနော့်သတင်းနဲ့ ပတ်သက်လို့ ဒီလောက်ပဲ ပြန်လည်ရေးသားလိုပါတယ်။ ဒီသတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်းတစ်ပုဒ် မဟုတ်ဘူးဆိုတာတော့ မျက်စိပိတ်မငြင်းဘူးဆိုရင် အားလုံးသိနိုင်ပါလိမ့်မယ်။ အသုံးပြုထား တဲ့ မူရင်းအသံဖိုင်များပါ ပူးတွဲပေးပို့ လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်စွာဖြင့် …
ထက်ရာဇာ

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template