Thursday, August 21, 2008

ကလေး လူငယ်တွေအတွက်

စာပေလိုအပ်ချက်

ကိုဂျွန်

ကျွန်တော်တို့ ကလေးတွေအတွက် အလိုအပ်ဆုံးအရာကတော့ ဘာတွေလဲ။ ကလေးတွေတင် မဟုတ်ပါဘူး၊ လူငယ်တွေအတွက်ပါ လိုအပ်တဲ့ အဖြည့်ဆည်းသင့်ဆုံး အရာရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ကလေးစာပေနဲ့ လူငယ်စာပေတွေပါပဲ။ ဒီနေ့ မြန်မာစာပေလောကကိုကြည့်ရင် (ပြည်တွင်းရော ပြည်ပမှာပါ) ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ စာပေတွေဟာ အင်မတန်မှနည်းပါးလှပါတယ်။ ထုတ်လုပ်သူတချို့ ဟာ အဲဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းချင်ပေမယ့်လည်း ငွေးကြေးနောက် ကိုပဲလိုက်ပြီး ဆူ လွယ်နပ်လွယ်တဲ့ စာအုပ်တွေကိုပဲ ထုတ်လုပ်နေရတာကြောင့် အဲဒီကွက်လပ်ဟာ လစ်ဟင်းမြဲ လစ်ဟင်းနေခဲ့ရပြီး၊ တချို့ထုတ်လုပ်သူတွေကတော့ လက်ရှိအာဏာရှင်လည်းကြိုက် ကိုယ် လည်း မြိုးမြိုးမြက်မြက်ရတဲ့ စာအုပ်အမျိုးအစားတွေ ထုတ်လုပ်ခြင်းနဲ့ပဲ ပျော်မွေ့နေတာကို မြန်မာစာပေလောကမှာ တွေ့နိုင်မှာဖြစ်ပါတယ်။
ကလေးတွေဟာ အနာဂတ်ရဲ့ သူရဲကောင်းလေးတွေ၊ အသီးအပွင့်လေးတွေဖြစ်တယ် ဆိုတာ စာအုပ်ထဲက စာကြောင်းတွေပေါ်မှာပဲ ကျန်ခဲ့တာကြာခဲ့ပါပြီ။ အဲဒီအသီးအပွင့်လေးတွေ အဲဒီသူရဲကောင်းအလောင်းလျာလေးတွေရဲ့ ဖွံ့ထွားစည်ပင်ဝေဆာလာမယ့် ရေသောက်မြစ် အတွက် အဟာရဓာတ်လုံလုံလောက်လောက်ကိုတော့ မပေးဝေနိုင်ခဲ့ကြပါဘူး။ အဲဒီအတွက် ကြောင့်လည်း ကျွန်တော်တို့နိုင်ငံဟာ ပညာရေး၊ လူမှုရေး အစစအရာရာမှာ နိမ့်ပါးခဲ့ရပြီဖြစ်ပါ တယ်။ ကျွန်တော်တို့ငယ်စဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတင်ထူထောင်ခါစ ဆိုရှယ် လစ်နိုင်ငံတော်သစ်ဆီကို ချီတက်မယ်ဆိုတဲ့ ဦးနေ၀င်းရဲ့ ကြွေးကြော်သံအောက်မှာ ကြီးပြင်းခဲ့ ကြသူတွေပါ။ ဒါပေမယ့် အတိုင်းအတာတခုအရ ဦးနေ၀င်းရဲ့ လက်အောက်မှာ ကလေးတွေ လူငယ်တွေရဲ့ စာပေအသိဥာဏ်ဖွံ့ဖြိုးခွင့်တော့ ရရှိခဲ့ကြတယ်ဆိုတာတော့ အမှန်ပါပဲ။ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အကျွင်းအကျန်တခုလည်းဖြစ်ပါတယ်။ ဥပမာ- ရွှေသွေး၊ တေဇ၊ တို့ကျောင်းသားအပါအ၀င် စာပေဗိမာန်ကထုတ်တဲ့ စာအုပ်စာစောင်တွေဟာ ကလေးတွေ လူငယ်တွေအတွက် တီထွင်ဖန်တီး တိုးတက်ချင်တဲ့ အသိအမြင်တွေကို တိုးပွား လာစေခဲ့တယ်ဆိုတာ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်လူငယ်တွေအားလုံး သိရှိခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။
အဲဒီလို အစိုးရထုတ်စာစောင်တွေသာမကဘဲ ပုဂ္ဂလိကထုတ် ကာတွန်း မဂ္ဂဇင်း ဂျာနယ်တွေမှာလည်း ကလေးလူငယ်တွေအတွက် ၇၀% လောက်အကျိုးရှိစေမယ့် စာပေ အမျိုးအစားတွေဖြစ်ခဲ့ပါတယ်။ ဥပမာ ကာတွန်းဆရာကြီးတွေဖြစ်တဲ့ ဦးသန်းကြွယ်၊ ဦးအောင် ရှိန်၊ ဦးသော်က၊ ဦးမောင်လွင်၊ ဦးကျော်ဆန်း၊ ဦးအောင်အောင် စသူတို့ရဲ့ကာတွန်းတွေ၊ ဆရာဂယက်နီလို လူငယ်တွေကို ဦးတည်ပြီး ရေးသားထားတဲ့ စွန့်စားတဲ့စိတ်ကို မွေးမြူပေးတဲ့ ၀တ္တုတိုလေးတွေ အဲဒါတွေဟာ ကလေးလူငယ်တွေအတွက် အများကြီး အထောက်အကူဖြစ် စေခဲ့ပါတယ်။
ဘာသာပြန်တာပဲပြောပြော မှီငြမ်းတာပဲဆိုဆို ဆရာဦးသန်းကြွယ်ရဲ့ ကာတွန်းဇာတ် ကောင်တွေအများ ကြီးနဲ့ စွန့်စားခန်းတွေမြိုင်ဆိုင်လှတဲ့ ကာတွန်းဇာတ်လမ်းလေးတွေဟာလည်း ကျွန်တော်တို့ရဲ့စိတ်ကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ ကာတွန်းထဲကဇာတ်ကောင်တွေနဲ့ အတူ ကျွန်တော်တို့လည်း လိုက်ပါစွန့်စားရင်း သူရဲကောင်းဖြစ်ချင်စိတ်တွေ တဖွားဖွားပေါ် ပေါက်ခဲ့ပါတယ်။ အဲဒီလိုပဲ ဦးသော်ကရဲ့ဇာတ်ကောင်ဖြစ်တဲ့ အရိုင်းနဲ့အတူ မြစ်ဝကျွန်းပေါ်ရဲ့ သာယာလှပတဲ့မြင်ကွင်းတွေကို ရရှိခံစားနိုင်တဲ့စိတ်၊ သူ့ရဲ့အနုစိတ်ခြယ်မှုန်းထား တဲ့ အနုပညာအရသာကြောင့် ကျွန်တော်တို့ ညအိပ်ရာဝင်ချိန်မှာတောင် အိပ်မက်ထဲဝင်ရောက် လာတဲ့အထိ ရသတွေပေးစွမ်းနိုင်ခဲ့ပါတယ်။ ပြောရရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ အဓိက ပြောချင်တဲ့ အကြောင်းအရာကနေ သွေဖယ်သွားနိုင်တာကြောင့် ကာတွန်းအကြောင်းတွေကို နောက်မှပဲ သီးသန့်ပြောပြပါမယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ကလေးနဲ့ လူငယ်စာပေတွေဖွံ့ဖြိုးစ ၁၉၇၀ နဲ့ ၁၉၈၀ အတွင်း နောက်ပိုင်းမှာ လူငယ်တွေရဲ့ အသိအမြင်ဟာ ဖွံ့ဖြိုးလာပါတယ်။ ကျောင်းကသင်တဲ့ ပညာရေးစနစ်ဟာ နိုင်ငံတကာနဲ့ ဘယ်လိုမှ မယှဉ်နိုင် ဘူးဆိုတာ ပြင်ပ ဗဟုသုတတွေကတဆင့် လူငယ်တွေထဲကို တစိမ့်စိမ့်ဝင်လာတာကြောင့် ဦးနေ၀င်းအစိုးရက ပြင်ပစာပေတွေကိုထိန်းချုပ်ဖို့ ပထမဆုံးကြိုးပမ်းပါတယ်။ ဆိုလိုတာက ပြင်ပကမ္ဘာမှာဖြစ်ပေါ် နေတာ တီထွင်ဆန်းသစ်နေတာတွေက ကာတွန်းတွေထဲမှာ ပါဝင်လာပါတယ်။ ဥပမာ-တယ်လီဗေးရှင်းလို့ လူထုကြား ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးခင် ကြံ့ဗဟုံးကာတွန်းထဲမှာ တယ်လီဗေးရှင်းဆိုတဲ့ စကားလုံးပါလာတယ်။ အဲလိုပါလာတဲ့အခါ လူငယ်တွေက သိချင်တယ်။ သိတဲ့အခါ သူတို့လိုပဲသုံးချင်တယ်၊ သုံးဖို့အတွက် တီထွင်ချင်တယ်။ ဒါပေမယ့် အဆုံးသတ်လိုက်ရင် အဲဒီလိုတီထွင်နိုင်ဖို့ စွမ်းအားကမရှိဘူး။ တီထွင်နိုင်ဖို့စွမ်း အားဆိုတာက ငွေကြေး လည်း မဟုတ်ပါဘူး၊ လူအင်အားလည်းမဟုတ်ပါဘူး။ နည်းပညာပါ။
အဲဒီနည်းပညာတွေက ပညာရေးစနစ်ထဲမှာရှိပြီး အဆင့်မီတဲ့ပညာရေးမရှိရင် ခေတ်မီ ဆန်းသစ်တာတွေ ကို ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုအချက်တွေကို ကုန်းဘောင်ခေတ်နှောင်း ပဒေသရာဇ်ခေတ်အတွင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး လက်ထက်ကတည်းကပဲ သိရှိခဲ့ပါတယ်။ စနစ်ဆိုးအသီးသီးရဲ့ဒဏ်ရာပလပွနဲ့ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၁၉၇၀ နဲ့ ၈၀ ၀န်းကျင်လောက်မှာ ပညာရေးနဲ့ပတ်သက်ပြီး တဖန်ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒါကို အာဏာရှင်ဖြစ်သူ ဦးနေ၀င်းကသိတဲ့အတွက် စွန့်စားခန်းပါတဲ့ စာအုပ်အမျိုးအစားတွေကို အပစ်အခတ်အညှစ်အသတ်တွေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းချုပ်လာခဲ့ပြီး တက္ကသိုလ်ဝန်းကျင်မှာ ဘာမှ ကျောင်းပညာရေးကို အခြေမခံတဲ့၊ တက္ကသိုလ်ပညာရေးကနေ နည်းပညာပိုင်း ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေမပါတဲ့ အင်းလျားကန်ဘေးမှာ အနမ်းပွင့်ဝေတဲ့ အချစ်ကိုကိုယ်စားပြုတဲ့ (အနု ပညာရသပါတဲ့ အချစ်ဝတ္ထုတွေကိုမရည်ရွယ်ပါ) ၀တ္ထုတွေကို များများထုတ်ဝေခွင့် ပြုလိုက်ပါတယ်။ စာလုံး တလုံး၊ စာကြောင်းတကြောင်းနဲ့ အရေးမကြီးတဲ့ အကြောင်းအရာကိုငြင်းခုန်ပြီး စာပေဝေဖန်ရေးဆိုတာကို ခေါင်းစီးတပ်ပြီး စာပေသမား အချင်းချင်း ရန်တိုက်ပေးတဲ့ အပြန်အလှန်ရန်ဖြစ်တဲ့ ဆောင်းပါးတွေ အင်တာဗျူး တွေကိုလည်း စာပေစိစစ်ရေးက ရွှေသဘောတော်ကောင်းကောင်းနဲ့ ခွင့်ပြုထား လိုက်ပါတယ်။ အဲဒီလိုရန်ဖြစ် နေတဲ့အတွက် စာပေအသစ်ဖြစ်ပေါ်မှု၊ မြန်မာစာပေဖွံ့ဖြိုးမှု၊ စာပေကတဆင့် ပြည်သူဆီကို အသိပညာပေးပို့မှု တွေ နှောင့်နှေးခဲ့ရတာကိုက အာဏာရှင်တွေအတွက် အောင်မြင်မှုတခုဖြစ်ခဲ့ တယ်လို့ဆိုရမှာပါပဲ။
ဒါပေမယ့်လည်း အဲဒီလောက်ဖိနှိပ်နေတဲ့ကြားက ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာကျော် လူထုဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးဟာ ပြည်သူလူထုကို ဖိနှိပ်ထားတဲ့ မဆလ တပါတီအာဏာရှင်စနစ်ဆိုးကို အပြီးတိုင်မောင်ထုတ်နိုင်ခဲ့ပါတယ်။ ပြန်လည်ဆန်းစစ် ကြည့်တဲ့အခါ ငကန်း(မဆလ) သေလို့ ငစွေ (နအဖ) ပေါ်ပေါက်လာခဲ့ပေမယ့် အဲဒီတုန်းက ငကန်းသေအောင်လုပ်နိုင်ခဲ့တာဟာ အဲဒီတခေတ်ရဲ့ လူငယ်တွေကိုကိုယ် စားပြုခဲ့တဲ့ စာပေတွေကြောင့်ပါပဲ၊ ကာတွန်းတွေကြောင့်ပါပဲ။ အဲဒီကာတွန်းတွေ စာပေတွေထဲက ပေးခဲ့တဲ့ အမှန်မြင်စေတဲ့ အသိပညာတွေရရှိခဲ့ကြလို့ပါပဲ။ အခု ငစွေပေါ်လာပြီး ငစွေက တထောင်ထောင်နဲ့ နေနိုင်တာ ဟာ ငကန်းတုန်းကအားနည်းချက်ကို အထူးပြင်ဆင်နိုင်လို့ဆိုတာကို ကျွန် တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ မဆလခေတ်တုန်းကတောင် တားမြစ်ခဲ့တဲ့ တစ္ဆေသူရဲစာအုပ်တွေပြန်ပေါ်လာတယ်။ အကြောင်းမဲ့ပေါ်လာတာ မဟုတ်ပါဘူး။ အသေအခြာ ထုတ်ဝေခွင့်ပြုလိုက်တာပါ။ ဒါမှ လူတွေက တစ္ဆေသူရဲတွေကို ကြောက်တဲ့စိတ်ဖြစ် ပေါ်လာမယ်။ နောက် တဆင့်တက်ပြီးပြောရရင် ကြောက်တဲ့စိတ်ကို စနစ်တကျ မွေးမြူဖို့အတွက် ထုတ်ဝေခွင့် ပေးထားတာပါ။ လူငယ်စွန့်စားခန်း စာအုပ်အသစ်တွေထွက်မလာဘဲ၊ ကလိထိုးရယ်ရတဲ့ ၀တ္တုတွေ ဘုံးဘောလအော ပေါ်ပေါက်လာတယ်။ လက်ရာမကောင်းတဲ့ ရုပ်ပြလက်ရာတွေပေါ် ပေါက်လာတယ်။ အဲဒါဆိုရင် ဆုံးရှုံးမှုများတယ်။ ပထမတချက်က ကလေးတွေကို ဆွဲဆောင်နိုင်စွမ်းမရှိတဲ့ လက်ရာတွေကြောင့် ကလေးတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းလုံးဝ မရှိတော့ဘူး။ ဒုတိယတချက်က အခုဖတ်ပြီး အခုမေ့စာအုပ်မျိုး ဖြစ်နေတော့ ဖန်တီးတဲ့ ရုပ်ပြ လက်ရာရှင်တွေကလည်း အနုပညာအရည်အသွေး အလွန်ညံ့ဖျင်းလာတယ်။ အဲဒီအချက်ဟာ လည်း အင်မတန်ကြောက်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာကြော်ကြားနေတဲ့ ကာတွန်းရုပ်ရှင်တွေနဲ့ ဂိမ်းတွေဟာ အဲဒီလို ရုပ်ပြတွေကမှတဆင့်ဖြစ်ပေါ်ခဲ့တာပါ။ အခုလို ညံ့ဖျင်းနေရင် ဘယ်လိုမှ အဆင့်မီတဲ့လက်ရာတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒီလို ညံ့ဖျင်းရတာကလည်း အနုပညာ ရှင်တွေအပေါ်မှာ အာဏာရှင်နဲ့အတူ ကိုယ့်ဖို့အတွက်သာသိတဲ့ ထုတ်လုပ်သူအချို့ရဲ့ အောက်တန်းကျတဲ့ စိတ်ကြောင့်ပါပဲ။ အနုပညာတရပ်ကို အရည် အသွေးထက် အရည်အတွက်များအောင် လုပ်လာရင်တော့ အဲဒါဟာ အနုပညာမဟုတ်တော့ သလို အနုပညာကတဆင့် စီးဆင်းသွားရမယ့် သုတရသတွေဟာလည်း ခြောက်ခန်းသွားစေမှာအမှန်ပါ။
အဲဒါကြောင့် အာဏာရှင်ကို ချေမှုန်းဖို့ဆိုရင် နိုင်ငံရေးအသိပညာကို အတုံးလိုက်အတစ်လိုက် ပေးနေ ရုံနဲ့မရဘဲ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေအတွက် ရည်ရွယ်တဲ့ ကလေးလူငယ် စာပေကောင်းတွေကိုလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ ထုတ်လုပ်ဖို့ အရမ်းလိုအပ်လာတယ်လို့ထင်ပါတယ်။ သုတရတနာသိုက်လို ရုပ်ပြစွယ်စုံကျမ်းစာအုပ်တွေကို ထပ်မံထုတ်ဝေသင့်ပါတယ်။ (သုတရတနာသိုက် စာအုပ် က တိုယိုတာဖောင်ဒေရှင်းက မြန်မာကလေးသူငယ်တွေအတွက်ရည်ရွယ်ပြီး ထုတ်ဝေတဲ့စာအုပ် ပါ။ အတွဲ (၁၀) တွဲရှိပြီး မဆလခေတ်က ကျောင်းပညာရေးမှူးနဲ့ အာဏာပိုင်အဖွဲ့အစည်း တွေက အထုပ်လိုက်ယူထားပြီး ၈၈ အရေးတော်ပုံကြီးပြီးမှ အပြင်စာအုပ်ဆိုင်တွေကိုရောင်းစားပါတယ်။ သာမန်လူတန်းစားတွေ လက်လှမ်းမမီတဲ့ ဈေးနှုန်းမို့ အဲဒီခေတ်က ကလေးသူငယ်တိုင်း မဖတ်ခဲ့ရပါဘူး)။
ကလေးနဲ့ လူငယ်ရဲ့ သဘာဝကိုက သူတို့ရဲ့ ဦးနှောက်လေးတွေထဲကို အစိုင်အခဲလိုက်ဝင်တာမျိုးကို မလိုလားပါဘူး။ ဆေးတိုက်သလိုပဲ ရေဖျော်ပြီးတိုက်ရတာမျိုးပါ။ ပြည်တွင်း မှာလည်း ထုတ်လုပ်သူတွေက ကလေးတွေရဲ့အနာဂတ်ကို ရည်ရွယ်တဲ့စာအုပ်မျိုးတွေကို အထူးအလေးထားပြီး ထုတ်ဝေသင့်ပါတယ်။ ကလေးစာပေ၊ လူငယ်စာပေနဲ့ပတ်သက်တဲ့ နှီးနှောဖလှယ်တာမျိုးတွေကိုလည်း လုပ်သင့်ပါတယ်။ စုန်း ကဝေ မှော် ဗေဒင် အင်း အိုင် စာအုပ်မျိုးတွေ၊ တက္ကသိုလ်တောင်မှ ထန်းတောထဲမှာ ဖွင့်ထားပေးချိန်မှာ အင်းလျားကန်ဘေး က စိတ်ကူးယဉ်တဲ့အချစ်ဝတ္ထုတွေ၊ ကလိထိုးရယ်ရတဲ့ ၀တ္ထုတွေကိုလျှော့ချသင့်နေပါပြီ။ စီးပွား ရေးအရဆိုတာကိုတော့ ကျွန်တော်တို့နားလည်ပါတယ်။ နောင်အနာဂတ်မှာ လွတ်လွတ် လပ်လပ်နဲ့ လုပ်ကိုင်နိုင်မယ့် စီးပွားဖွံ့ဖြိုးမယ့် ဒီမိုကရေစီစနစ်ကိုမျှော်ကိုးခဲ့ရင် ကလေးတွေ လူငယ်တွေ အတွက် ခွန်အားဖြစ်စေမယ့် စာအုပ်စာပေတွေကို ပြည်တွင်းရော၊ ပြည်ပမှာပါ ထုတ်ဝေပေးကြပါလို့တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ . . .။
ကိုဂျွန်

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template