Friday, May 16, 2008

နှုတ်ခွန်းဆက်


ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး ဘလော့ဂ်တခုလွှင့်တင်လိုက်ပါတယ်။ နအဖ အာဏာရူး အုပ်စုကတော့ မိုးဦးကျမှာပေါက်တဲ့မှိုတွေလို ဘလော့ဂ်တွေ တခုပြီးတခု ၀က်ဘ်ဆိုက်တွေ တခုပြီး တခု ပေါ်ပေါက်လာတာကို နှစ်မြို့နိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သတင်း မီဒီယာဆိုတာ သူတို့အတွက် မကောင်းဆိုးရွားတွေလို့ ထင်မြင်ခဲ့တာဟာ နှစ်ပေါင်း ၅၀ နီးပါး ရှိနေခဲ့ပါပြီ။ ဒီကနေ့လို သတင်းနဲ့ နည်းပညာ သွက်လက်စွာ ကူးလူးဆက်ဆံတဲ့ ခေတ်ကြီးထဲမှာ ဘိန်းကျွေးထားတဲ့ခိုနဲ့ သ၀ဏ်လွှာပို့ဖို့အဆင့်လောက်သာပဲ နအဖ ထိပ်သီး ခေါင်းဆောင်ဆိုသူများက အတွေးအခေါ် ရှိနေခဲ့တာကို ပြည်သူတွေအားလုံး သိရှိပြီးဖြစ်ပါတယ်။

အခု လောလောလတ်လတ်မှာတော့ ဒီလောက် ခေတ်မီနေတဲ့ ကမ္ဘာကြီးရဲ့ လှုပ်ရှားသွက်လက်မှုတွေကို ဆန့်ကျင်ပြီးနေထိုင်လိုတဲ့ လက်တဆုပ်စာ နအဖ အာဏာရူး တစုကြောင့် မြန်မာပြည်ရဲ့ စပါးကျီလို့ဆိုရမယ့် မြစ်ဝကျွန်းပေါ်ဒေသတခုလုံးဟာ မုန်တိုင်းအောက်မှာ ပြားပြားဝပ်သွားရပါတယ်။ သဘာဝဘေးဒဏ်ဆိုတာ ကာကွယ်မရနိုင်ဘူးဆိုတာမှန်ပေမယ့် အဖိုးတန်တဲ့ အသက်တွေကိုတော့ သတင်းနည်းပညာခေတ်ထဲမှာ ကြိုတင် ကာကွယ်နိုင်စွမ်း အမှန်တကယ်ရှိပါတယ်။

ကိုယ့် ပြည်သူပြည်သားအချင်းချင်းတင်မက ကမ္ဘာပေါ်ကလူသားတွေအထိ ဘယ်လိုမှမခံစားနိုင်တဲ့ မြင်ကွင်းတွေအတွက် စိုးရိမ်သောကရောက်နေကြချိန်မှာ နအဖရဲ့လက်တဆုပ်စာအာဏာရူး လူတစုကတော့ ဒီမုန်တိုင်းနဲ့ပတ်သက်ပြီး ဘာမှ ထုတ်ပြန်ကြေငြာမှုတစုံတခုမှ မပြုလုပ်ခဲ့သလို သူတို့အာဏာတည်မြဲရေးအတွက်သာပဲ လုံးပမ်းနေခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံတကာက ပေးလာတဲ့အကူအညီတွေကို လက်မခံတဲ့အပြင်၊ ရှားရှားပါးပါးကူညီခွင့်ရတဲ့ အကူအညီတွေကို ဒုက္ခသည်တွေဆီပို့ပေးတာမလုပ်ဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးကို ကိုယ်တိုင်ကလည်း ဘာမှ မလုပ်နိုင်၊ မလုပ်တတ်၊ ကျွမ်းကျင်တဲ့ နိုင်ငံတကာအကူအညီတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုလည်း ၀င်ခွင့်မပြုဆိုတော့ မုန်တိုင်းအပြီးမှာ မသေသင့်ဘဲ သေဆုံးကြရတဲ့ ပြည်သူတွေရဲ့ အရေအတွက်ဟာ တနေ့ထက်တနေ့ တိုးပွားလာပါတော့တယ်။ အဆိုးရွားဆုံးကတော့ သေဆုံးမှုမြင်ကွင်းတိုင်းကိုကြည့်လိုက်ရင် အပြစ်ကင်းစင်တဲ့ ကလေးလေးတွေကို ရင်နင့်စဖွယ် တွေ့မြင်နေရတာကိုပါပဲ။

နိုင်ငံတကာကပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အစားအသောက် ဆေးဝါးတွေကိုလည်း ပြည်သူလူထုဆီကိုလွှဲမပေးဘဲ ခိုးယူရောင်းချတာကြောင့် မုန်တိုင်းဒဏ်ခံပြည်သူလူထုဟာ တဖြည်းဖြည်းနဲ့ ကျန်းမာရေးချို့ယွင်းလာနေပြီဆိုတာကို တွေ့နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် နအဖကတော့ နိုင်ငံတကာကို လိမ်ညာလှည့်ဖျားမြဲ လိမ်ညာနေဆဲဖြစ်ပါတယ်။ အဲဒီဒုက္ခတွေခံစားနေရတဲ့ ဒေသတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာက အမှန်အကန် ကယ်ဆယ်မယ့် သူတွေ၊ သတင်းသမားတွေကို မရောက်ရှိစေလိုတာကိုလည်း သိသိသာသာ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီလောက်ယုတ်မာရိုင်းစိုင်းလှတဲ့ နအဖရဲ့ အကြံအစည် အပြုအမူတွေကို ကမ္ဘာကသိရှိအောင် တိုးမြှင့်လုပ်ဆောင်ကြဖို့ပဲရှိပါတော့တယ်။ ဒါ့ကြောင့် ရှေ့က ပေါ်ပေါက်ခဲ့တဲ့ သတင်းနည်းပညာ ညီအကိုမောင်နှမတော်တွေနဲ့အတူ ကျွန်တော်တို့ Ultimate Fighters ညီအကိုတစုကလည်း လက်တွဲတိုက်ပွဲဝင်ဖို့ လျှောက်လှမ်းလာခဲ့ခြင်းပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ဦးတည်ချက်က ဒီ နအဖ အာဏာရူး လက်တဆုပ်စာကို ကျွန်တော်တို့ချစ်တဲ့ အမိမြန်မာပြည်ရဲ့ သန့်စင်တဲ့မြေပေါ်ကနေ အပြီးအပိုင် မောင်းထုတ်နိုင်ဖို့ပါပဲ။ ကျွန်တော်တို့အားလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံနဲ့ ခံစားချက်တွေ တူညီကြတာကြောင့် မကြာခင်အချိန်အတွင်းမှာ ဒီစနစ်ဆိုးနဲ့ အာဏာရူးလူတစုကို အမြစ်ပြုတ် တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ကျွန်တော်တို့မှာ အားသာတဲ့ လက်နက်ကောင်းတခု ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ မီဒီယာ လက်နက်ပါ။ နအဖက အဲဒီမီဒီယာလက်နက်ကို အသေအလဲ ကြောက်ရွံပါတယ်။ နအဖကို တိုက်ထုတ်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ခရီးပြင်း ချီနေကြသူတွေထဲမှာ ကျွန်တော်တို့ဟာ သက်တမ်းနု ပါသေးတယ်။ ဒါပေမယ့် နောင်တော် အမတော်တွေနဲ့အတူ ညီငယ်နှမငယ်တွေကိုလည်း လက်တွဲရင်း ကျွန်တော်တို့ရဲ့ တတပ်တအား ပါဝင်မှုကို နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ယုံကြည် မျှော်လင့်ထားလို့ တိုက်ပွဲရဲ့လမ်းခရီးပေါ်မှာ ချီတက်ခဲ့ပါပြီ ...။

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template