Friday, September 26, 2008

`Road Map အတိုင်းလိုက်သွားပါ…. ဖော့ဦးထုပ်တစ်လုံးရလိမ့်မည်`

(က)
ကျနော်ဦးချမ်းအေးအား ၁၉၈၉ ခုနှစ်တွင် လူချင်းစတင်တွေ့ဖူးခဲ့၏။ နှစ်ကြိမ်မျှသာ ….. ။ ၁၉၉၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်များအတွင်း ဖြစ်သည်။ ထိုစဉ်က သူသည် ….NLD၏ဗဟိုအလုပ်မှူဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ….. မွန်ပြည်နယ် ပြည်နယ်စည်းရုံးရေးတာဝန်ခံလည်းဖြစ်သည်။ ကျနော်က …..မွန်ပြည်နယ်အတွင်းရှိ မြို့နယ်လေးတစ်ခုမှ လူငယ်အဖွဲ့ဝင်တစ်ဦး….။ သူနှင့်ကျနော်တို့ မြို့နယ်လေးအတွင်းရှိ ကျေးရွာများသို့ စက်ဘီးများနှင့် သွား၍ လူထုနှင့်တွေ့ကြ၏။ ရွေးကောက်ပွဲအောင်နိုင်ရေးတရားများ၊ ဒီမိုကရေစီတရားများဟောကြ၏။ လူထုမှမေးသမျှအားလည်းဖြေကြ၏။ ဦးချမ်းအေးက အဖြေကောင်းသူဖြစ်၏။
ဦးချမ်းအေးနှင့်လူချင်းမဆုံမှီကပင် မောင်စူးစမ်းနှင့်ကားရင်းနှီးခဲ့ပြီးဖြစ်သည်။ ဗမာ့စီးပွားရေးစစ်တမ်း…..၊ ဆန်ပြဿနာ၊ ဘောဂဗေဒလက်ရွေးစင်၊ ဘောဂဗေဒ က.ခ စသည်….စသည်ဖြင့်….။

(ခ)
ကျနော်တို့ မြို့နယ် NLDရုံးသို့ ဗဟိုအလုပ်မှူဆောင်အဖွဲ့ဝင် ဦးလွန်းတင်နှင့် ဦးချမ်းအေးလာမည့်အကြောင်း ဗဟိုမှ အကြောင်းကြား၏။ ရောက်မည့်နေ့တွင် ကျနော်တို့ မီးရထားဘူတာရုံသို့ ဆင်း၍ကြိုကြသည်။ ကျနော်တို့က ၂-ယောက်လုံးအား မမြင်တွေ့ဖူးကြ။ ဓါတ်ပုံထဲ၌ပင် မမြင်တွေ့ဖူး….။ မြို့ငယ်လေး၏ဘူတာရုံဖြစ်၍ ခရီးသည်အဆင်းအတက်သိပ်မရှိ….။ အခက်အခဲမရှိနိုင်ဟု ထင်ကြသည်။ မီးရထားပေါ်မှဆင်းလာကြသည့် ခရီးသည်များထဲမှ ကချင်ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် အသက်ခုနှစ်ဆယ်ဝန်းကျင်ခန့်ရှိ ပုဂ္ဂိုလ်တစ်ဦးအားတွေ့၏။ဦးလွန်းတင်…..။ ရှာရသည်မှာ မခက်ခဲ။
သို့သော်….ဘူတာလေးအတွင်း ခရီးသည်များရှင်းသွားသည်အထိ ကျနော်တို့ ဦးချမ်းအေးအား ရှာ၍မတွေ့….။မတတ်နိုင်….။ ရုံးသို့ ပြန်ခဲ့ကြတော့သည်။ မကြာ….ရုံအတွင်းသို့ အသက်ခြောက်ဆယ်ဝန်းကျင်ခန့်ရှိသည့် သူတစ်ဦးဝင်လာ၏။ ပလေကပ်လုံချည်အပြာဆင်၊စပို့ရှပ်အင်ကျီအညိုရောင်…. မိုးကာအင်ကျီအဖြူနှင့်….။ အဖြူရောင်မိုးကာအင်ကျီက ဖားဥများစွဲ၍ မဲညှစ်ညှစ်….။
`ကျနော် ချမ်းအေးပါ….´
ကျနော်တို့ အံ့အားသင့်သွားကြ၏။ ကျနော်တို့တွေ့ရသော ဦးချမ်းအေး၏ရုပ်ပုံလွှာက ကျနော်တို့စိတ်တွင် မှန်းဆထားခဲ့သည့် ရန်ကုန်မှလာသော ဗဟိုခေါင်းဆောင်တစ်ဦး၏ ရုပ်သဏ္ဍာန်မျိုးမဟုတ်…..။ ဤအတွက် ….ဘူတာလေးအတွင်း ကျနော်တို့ ဦးချမ်းအေး အားရှာ၍မတွေ့ခဲ့ခြင်းဖြစ်မည်။ ကျနော်တို့အရှေ့မှ ဦးချမ်းအေးက …..ဘ၀နေဟန်ရိုးကုတ်သည့် ပစ္စည်းမဲ့သူတော်စင်တစ်ဦး၏ အသွင်အဆင်နှင့်…..။ ဖျက်ကနဲ….စိတ်တွင် ရဲဘော်ချမ်းအေးဟူ၍ အတွေးရောက်၏။ ထိုနေ့က ….အစည်းအဝေးတွင် ဦးချမ်းအေးသည် NLD ၏မူဝါဒပိုင်းဆိုင်ရာများအား ဆွေးနွေးသွားခဲ့၏။

(ဂ)
၉၀-ရွေးကောက်ပွဲပြီးနောက် ဦးချမ်းအေးအဖမ်းခံရသည်။ ထောင်မှလွတ်ခဲ့ပြီးနောက် ….သူသည် နိုင်ငံရေးအဖွဲ့အစည်းအတွင်း လှုပ်ရှားဆောင်ရွက်ခြင်းမရှိတော့….. စာများသာ ဖိ၍ရေးတော့သည်။ တစ်လ -တစ်လလျှင် ဆောင်းပါးပုဒ်ရေ ၃၀-ခန့်ရေး၏။ မောင်စူးစမ်း၊ ဆရာချမ်း၊ ဦးချမ်းအေး ….ကလောင်အမျိုးမျိုးနှင့်ရေးသည်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ၊ ဒဿန….အကြောင်းအရာစုံသည်။ မောင်စူးစမ်းက သြဇာရှိသည့် ကလောင်တစ်ချောင်းဟု ဆိုရမည်။
၂၀၀၈ခုနှစ် သြဂုတ်လ(၈)ရက်နေ့ထုတ် `မော်ဒန်´ သတင်းဂျာနယ်တွင် `နိုင်ငံရေးသစ်ချင်း ဖျက်ကနဲယှဉ်ကြည့်´ ဟူသည့်ဆောင်းပါးတစ်ပုဒ်အား မောင်စူးစမ်းအမည်နှင့်ရေး၏။ တိုက်ဆိုက်သည်က ရှစ်လေးလုံးအရေးတော်ပုံကြီး၏ နှစ်-နှစ်ဆယ်ပြည့်သည့် အထိမ်းအမှတ်နေ့ဖြစ်နေသည်။ အထိမ်းအမှတ်နေ့ဖြစ်သော်လည်း ဆောင်းပါးက ဂုဏ်ပြုဆောင်းပါးမဟုတ်….။သဘောထားအမြင်များကွဲလွဲရှုတ်ထွေးစေမည့် ဆောင်းပါးဖြစ်နေသည်။
အကြောင်းအရာပါ အနှစ်အရသာက ဤသို့ဖြစ်သည်။
` စစ်အုပ်စု၏လမ်းပြမြေပုံအရ… ၂၀၁၀တွင် ရွေးကောက်ပွဲပြုလုပ်မည်။ ဖွဲ့စည်းပုံအသစ်နှင့် အခင်းအကျင်းအသစ်ဖြစ်၍ နိုင်ငံရေးအသစ်ဟုဆိုရမည်။ ´
ဤသို့ စစ်အုပ်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေ ၊၂၀၁၀ရွေးကောက်ပွဲနှင့် နိုင်ငံရေးအခင်းအကျင်းအား အနက်ဖွင့်၏။ ပြီးလျှင်….`လူထုအနေနှင့် စစ်အုပ်စု၏လမ်းပြမြေပုံမှလွဲ၍ အခြားရွေးချယ်စရာရွေးလမ်းမရှိ။ အတိုက်အခံများတွင်လည်း စင်ပြိုင်ဖြစ်နိုင်ခြေလမ်းမရှိ။ ပိတ်ပြီ။ ဤအတွက် ဖြစ်နိုင်ခြေ တကယ်လက်တွေ့ရှိသည့် စစ်အုပ်စု၏ခေါ်ရာသာလိုက်ကြတော့….။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံကြရမည်။´
လက်ညှိုးတစ်ချောင်းထောင်ပြီး တန်ခိုးရှင်ကဲ့သို့ နိုင်ငံရေးဗျာဒိတ်တော်ချ၏။ ဤမျှနှင့်မပြီးသေး…. `နိုင်ငံရေးသမား၊ နိုင်ငံရေးဆိုတာ စိတ္တဇဖြစ်ရသည့်အရာမဟုတ်….။ စိတ္တဇဖြစ်နေရန်မလို…..ဟု ဆိုပြန်သည်။´
NLD နှင့်ကုလသမဂ္ဂမှ အဆိုပြု တောင်းဆိုနေသည့် `တွေ့ဆုံဆွေးနွေးရေး´ လုပ်ငန်းစဉ် အပေါ်လည်း ဝေဖန်ထားပြန်၏။
`တွေ့ဆုံဆွေးနွေးရေးဟူသည် အလှတန်ဆာဆင်ခြင်းသာ ဖြစ်သည်။ အနှစ်သာရမဟုတ်ဟု ဆိုသည်´
မောင်စူးစမ်း ` ဦးနှောက်ကို အဆွ´လွန်သွားသည်နှင့်တူ၏။
မောင်စူးစမ်းဆောင်းပါး၌ `အသစ်´တွေများလွန်းသည်။ ဖွဲ့စည်းပုံအသစ်၊ အခင်းအကျင်းသစ်၊ နိုင်ငံရေးအသစ်….။ ဤအတွက် ….ဖွဲ့စည်းပုံအသစ်မှပင် စပါမည်။ မေ-၁၀ ဖွဲ့စည်းပုံအရ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်သည်မဟုတ် ….။ ကာကွယ်ရေးဦးစီးချုပ်ထံမှ ဆင်းသက်ထားခြင်းသာဖြစ်သည်။ ရိုင်ဖယ်သေနတ်ပြောင်းဝမှထွက်သော အချုပ်အခြာအာဏာပင် …..။ ဤအာဏာဆင်းသက်မှုသဏ္ဍာန်က မြန်မာ့လူ့အဖွဲ့အစည်းတွင် ၁၉၆၂ မှစ၍ ယနေ့တိုင်….မပြောင်းမလဲရှိနေ၏။ ပုတ်သိုး၍ပင် နေပြီ။ ဤအတွက် စစ်အုပ်စု၏ဖွဲ့စည်းပုံအား မည်သို့ဖြင့် အသစ်ဟု ဆိုမည်နည်း….။ အနှစ်သာရအရ မသစ်ဆန်း…..။ မောင်စူးစမ်း၏ဆောင်းပါးတွင်ပါသော စကားလုံးအား ပြန်ယူ၍သုံးရပါမူ …..။ ဖွဲ့စည်းပုံအသစ်ဟူသည်က `ခမ်းနားကြီးကျယ်စွာ အလှတန်ဆာဆင်ခြင်းသာဖြစ်သည်။ အနှစ်သာရမရှိ…..´
အမှတ်ရမိသေးသည်။ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တစ်ခုတွင်ဖြစ်သည်။ ထိုစဉ်က ….ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၌ လူထုအား (တ.စ.ည)နှင့် (မ.ဆ.လ) အတူတူဖြစ်ပုံကို ဥပမာပေး၍ ဦးချမ်းအေး ရှင်းပြခဲ့သည်။ ကျနော်တို့လည်း သဘောကျသည်။ လူထုကလည်း ခေါင်းတညိတ်ညိတ်နှင့်…..။
`တ.စ.ညပါတီဟာ တကယ်တော့အသစ်မဟုတ်ပါဘူး။ သာကေတမှာပြည်တန်ဆာလုပ်စားနေတဲ့ မဖြူ…။ ကြည့်မြင်တိုင်ကိုပြောင်းပြီး ….အသစ်ပါလို့ပြောသလိုပါပဲ….´
မောင်စူးစမ်းအနေနဲ့ စစ်အုပ်စုရဲ့ဖွဲ့စည်းပုံကို အသစ်လေးလို့ ယူဆပြီး ပေါင်းဖက်မယ်ဆိုရင်တော့ ….မှာပါရစေ…..`အဖော်´ဆောင်ထားပါလို့…..။

(ဃ)
မြန်မာ့နိုင်ငံရေးသမားများအနက် ပြဿနာအများဆုံးနိုင်ငံရေးသမားများအား ရွေးချယ်ပါဆိုလျှင် ဦးသိန်းဖေမြင့်နှင့်ဦးချမ်းအေးအား ရွေးချယ်ကြလိမ့်မည်။
ပ.ထ.စ အစိုးရခေတ်၌ …`ဦးချမ်းအေးစစ်တမ်း´ ဟူ၍ စာတမ်းတစ်စောင်ထွက်လာသည်။ `လက်နက်နှင့်ဒီမိုကရေစီ´လဲမည်ဟူ၍ဖြစ်သည်။ တော်လှန်ရေးအင်အားစုများအတွင်းရှိ သဘောထားကွဲလွဲမှုများဖြစ်စေခဲ့၏။ အချို့က ထောက်ခံ၏။ အချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြ၏။ အချို့က ဝေေ၀၀ါးဝါးနှင့် တွေဝေနေခဲ့ကြ၏။ မကြာ….ချမ်းအေးဝါဒီတို့ (ပ.ထ.စ) အစိုးရထံတွင် ဒီမိုကရေစီနှင့်လက်နက်လဲရန်သွားကြ၏။ အစုလိုက်၊ အပြုံလိုက်…..။ မွန်တပ်ဦးဆိုလျှင် …..နိုင်ရွှေကျင်တစ်ဦးတည်းသာကျန်ခဲ့၏။ (ပ.ထ.စ)အစိုးရက လက်နက်နှင့်ဒီမိုကရေစီလဲရန် လာကြသူများအား အခမ်းအနားများနှင့် ကြိုဆို၏။ အခမ်းအနားတွင် (ပ.ထ.စ)အစိုးရက ဒီမိုကရေစီလဲရန် လာသည့်သူများအား `ဖော့ဦးထုပ်´ တစ်လုံးစီပေး၏။ ဒီမိုကရေစီကတော့မရ …..။ သမိုင်းသည် မဝေးသေး…..။

မင်းဆွေသစ်

Friday, September 5, 2008

ဘောဂဗေဒပညာရှင်ကလေး မောင်စူးစမ်းသို့


မောင်စူးစမ်းမောင်စူးစမ်းနဲ့ ခေါင်းစဉ်တွေ ခပ်ဟော့ဟော့နဲ့ ပညာရှင်အသိုင်းသာ မကဘူး လူငယ်ထုကိုပါ ဆွဲဆောင်နိုင်တာကိုတော့ လက်ခံမိပါရဲ့။ ဒါပေမယ့် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ခင်ဗျားက ပြောထားတော့ မပြောမဖြစ်လို့ ပြောလိုက်ရဦးမယ်။
ခင်ဗျားကို NLD အမတ်အဖြစ် မဲပေးခဲ့တာ မျက်ကန်းပြီးပေးခဲ့တာမဟုတ်ဘူးဆိုတာသိစေချင်တယ်။
ခင်ဗျားဟာ ပညာရှင်တယောက် အနုပညာသမားတဦး ဒါကြောင့် ကျုပ်တို့ပြည်သူအပေါ်မှာလဲ သစ္စာရှိလောက်တယ်ထင်လို့ မဲပေးခဲ့တာ။ အခုလို အူကြောင်ကြားလျှောက်ပြီး လုပ်နေတယ်ဆိုရင်တော့ ခင်ဗျားကို ကျွန်တော်တို့ ဘာလို့မဲပေးခဲ့မှာလဲ။
ခင်ဗျားကိုမဲမပေးခင်မှာ ခင်ဗျားရဲ့ သမိုင်းကြောင်းကိုတော့ သိပ်ဘ၀င်မတွေ့လှဘူး။ ကွန်မြူနစ်တခေတ်မှာ ခင်ဗျားဟာ ကွန်မြူနစ်လိုလို၊ နေ၀င်းတခေတ်မှာ ဆိုရှယ်လစ်ဘောဂဗေဒရေးလိုရေး၊ ဒါပေမယ့် NLD ကအမတ်တဦးဖြစ်တာမို့ ကြည်ဖြူစွာပဲ မဲပေးခဲ့ပါတယ်။ ကျုပ်ကတော့ ခင်ဗျားလို စာမတတ်ဘူးဗျာ၊ ဒါ့ကြောင့် ခင်ဗျားဘာရေးတယ်ဆိုတာတွေကိုတော့ စာရင်းနဲ့ တိတိကျကျမပြောပြနိုင်တာခွင့်လွှတ်။ အဲ သေချာတာကတော့ ခေတ်ပြောင်းတိုင်းမှာ လိုက်ပြီး ခင်ဗျားဟာ ပုတ်သင်ညိုလိုအရောင်ပြောင်းနေတာကိုပဲ။ ဒုံးပျံနဲ့ အာကာသကို တက်ချင်နေတဲ့ ခေတ်မှာ ခင်ဗျားအာကာသကို တက်ချင်တဲ့စိတ်ရှိတာ အပြစ်မရှိပေမယ့် မကောင်းပါဘူးလို့ တကမ္ဘာလုံးက လက်ခံထားတဲ့ ဒီနွားအဖွဲ့ရဲ့ ရွေးကောက်ပွဲကို လက်ခံပါတယ်လို့ ခင်ဗျားလို ပညာရှင်တဦးနှုတ်က ထွက်ရဲတာကတော့ ဆိုးတယ်ဗျို့။
န၀တ တက်တုန်းကလည်း ဈေးကွက်စီးပွားရေးမှ ဈေးကွက်စီးပွားရေး၊ အရင်တုန်းက ဆိုရှယ်လစ်စီးပွားရေးအကြောင်း မရေးခဲ့ဘူးသလိုပဲ။
ကောင်းတာကတော့ ခင်ဗျားလည်း သေခါနီးနေပါပြီ။ အရင်ကရေးခဲ့တဲ့ စာမူခတွေနဲ့ အေးအေးဆေးဆေး ထိုင်စားနေပါ။ ပြည်သူတွေကို တွေဝေစေမယ့် စကားတွေ စာတွေ မပြောပါနဲ့ မရေးပါနဲ့တော့။ သမိုင်းအမှားလုပ်မိရင် ခင်ဗျားလည်း အသေဖြောင့်မှာမဟုတ်ဘူး။ ဗမာပြည်က ထုတ်ဝေသူ ၈၀% ကလည်း သိပ်ပြီး စာတတ်လှတာမဟုတ်ဘူး။ မောင်စူးစမ်းဆိုရင် ပေါက်တယ်ဆိုပြီး မောင်စူးစမ်းရေးတဲ့ “ရန်ကုန်လမ်း ၄၀ ထိပ် ပြည့်တန်ဆာဈေးကွက်သစ်အရွေ့” ဆိုရင်လည်း ထုတ်မှာပါပဲ။ ကျော်ဝင်းဆိုလည်း ကျော်ဝင်းပေါက်တယ်ဖြစ်ပြန်ရော။ ဒါပေမယ့် မြန်မာပြည်က လူငယ်တွေနဲ့ စာဖတ်ပရိတ်ကို သိပ်အထင်မသေးပါနဲ့။ ခင်ဗျားတတ်သလို သူတို့လည်းတတ်တယ်။ ခက်တာက ဖတ်စရာစာရှားနေတော့ ခင်ဗျားစာတွေထွက်လာလည်း ဒီလူငယ်တွေခမြာ ဖတ်ကြရရှာတာပါပဲ။ ဒါပေမယ့် သူတို့က ခင်ဗျားလိုမဟုတ်ဘူး ရိုးသားဖြူစင်ကြတယ်။ အဲဒီတော့ ခင်ဗျားရဲ့ အ၀ိဇ္ဖာဖုံးနေတဲ့ ခင်ဗျားကလောင်ကထွက်လာတဲ့ အကြောင်အကြားစာတွေနဲ့ အမှောင်တိုက်မသွင်းချင်ပါနဲ့။ ခင်ဗျားရေးတဲ့ စာမူခကိုလည်း ခင်ဗျားလက်နဲ့ထိရတာမှမဟုတ်တာ။ ဒါပေမယ့် ဘာပဲပြောပြော ခင်ဗျား အချိန်တန်ရင် ထမင်းတော့ မှန်မှန်စားရပါသေးတယ်။ အဲဒီတော့ ထမင်းမှန်မှန်မစားရတဲ့ မြန်မာပြည်တွင်းထဲက ပြည်သူတွေကို သနားသောအားဖြင့် တွေဝေစေမယ့် စာတွေအစား “ထမင်းရည်ထဲတွင်ပါသော ဗီတာမင် အမျိုးပေါင်း (၁၀၀)” ဆိုတာမျိုးဆိုရင် ပို အကျိုးရှိပါလိမ့်မယ်။
အားနာစွာဖြင့်
မော်လမြိုင်သား

Tuesday, September 2, 2008

သတင်းမှားတယ်ဆိုတဲ့အပေါ် ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ ပြန်ရှင်းပြီ


၂၀၀၈ ခုနှစ် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွင် ကဗျာဆရာမ ခိုင်မာကျော်ဇောကို
ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ အင်တာဗျူးနေစဉ်

သို့ /
သက်ဆိုင်သူများခင်ဗျာ …

ကျနော်ပြုလုပ်ခဲ့တဲ့ မြန်မာဘလော့ဂါများသတင်းနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒီစာကို ကျနော်ပြန်လည်ရေးသားစရာကို အကြောင်းမရှိပါ (ဘာကြောင့်လဲဆိုတော့ ကျနော့်သတင်း လုံးဝမှားယွင်းမှုမရှိဘူးလို့ အကြွင်းမဲ့လက်ခံထားလို့ ဖြစ်ပါတယ်)။ သို့ပေမယ့် လွတ်လပ်စွာ ပြန်လည်ချေပခွင့်ရှိတယ်လို့ ယူဆမိတဲ့အတွက် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။

အစကနေ စပြောရရင် ဒီသတင်းကို မရေးသားခင် ၃ ရက်လောက်အလိုမှာကတည်းက ဒီသတင်းကို ကျနော်ရ ထားပြီး ဖြစ်ပါတယ်။ ပိုပြီးသေချာအောင်နဲ့ သေသေချာချာ ဂဃနဏ ပြောနိုင်မယ့် သတင်းရင်းမြစ်တွေကို လိုက်လံစုဆောင်းနေခဲ့တာပါ။ ဒီသတင်းမရေးသားခင် အနည်းဆုံး မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေ ရော ဘလော့ဂါတွေနဲ့ နီးစပ်သူတွေရော ၅ ယောက်ထက်မနည်း စကားပြောပြီး ဖြစ်ပါတယ်။ သူတို့တတွေ ကိုယ်တိုင်က သူတို့အသံကို မသုံးဖို့ ကတိတောင်းထားသလို ပွဲပိတ်ခံရတာတော့ သေချာကြောင်း အကြောင်း ပြန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းသာမက ပြည်ပက ဘလော့လုပ်နေသူတွေဖြစ်တဲ့ မခင်မင်းဇော်၊ ကိုဈာန်၊ မမေငြိမ်းတို့ကို လည်း စုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ် (သူတို့ လက်ရှိထိုင်းနိုင်ငံမှာ ရှိနေပါတယ် မေးကြည့်လို့ ရပါတယ်)။ သတင်း လုပ်မယ့်နေ့မှာ သေသေချာချာပြောနိုင်တဲ့ စာနယ်ဇင်းသမားတဦးက သူ့အသံကို ခွင့်ပြုကြောင်းနဲ့ နံမည်မပါ ရင် ရပါတယ်ဆိုတဲ့ ခွင့်ပြုချက်ကြောင့် အပိတ်ခံရတဲ့အကြောင်း အဲဒီစာနယ်ဇင်းသမားအသံကို သုံးလိုက်ပါ တယ်။ သူတစ်ယောက်ထဲနဲ့ မေးပြီးရေးရင် မသေချာမှာစိုးလို့ အခြားဆန့်ကျင်ဖက်ထောင့်ဖြစ်တဲ့ ကြီးမှူးကျင်း ပမယ်ဆိုတဲ့ မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်း ဖုန်းနံပါတ် ၆၅၂၂၇၆ ကို ထပ်ပြီးဆက်သွယ်ပါတယ်။ သတင်းထဲမှာ သုံးထားတဲ့အတိုင်း အဲဒီဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လို့ ပြန်ဖြေတာကို အား လုံးလည်း သတင်းထဲမှာ ကြားကြမှာပါ။ နောက်သတင်းရင်းမြစ် တစ်ယောက်ကတော့ မြန်မာဘလော့ဂါ တစ် ယောက်ပါ။ သူကတော့ အပိတ်ခံရတဲ့အပေါ် ဝေဖန်သုံးသပ်တာပါ။

ဆိုတော့ သတင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် …
၁။ အပိတ်ခံရတယ်လို့ စာနယ်ဇင်းသမားတစ်ယောက်က ပြောတယ်။
၂။ ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က အပိတ်ခံရ တယ်ဆိုတာကို အတည်ပြုပြောကြားတယ်။
၃။ ကြားနေသတင်းရင်းမြစ် တစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ပါတယ်။

ဆိုတော့ ဒီသတင်းဟာ ဘယ်နေရာက မှားယွင်းနေပါသလဲ။ အပိတ်မခံရတာကို အပိတ်ခံရတယ်လို့ ရေးရင် တော့ ကျနော့်သတင်းအမှားပါ။ အခုဟာက တကယ်အပိတ်ခံရတာကို အပိတ်ခံရတဲ့အကြောင်း ရေးတာကို မှားတယ်ဆိုရင်တော့ ဘယ်ဟာတွေ မှားသလဲဆိုတာ တိတိကျကျ အချက်အလက်နဲ့ ရေးသားဖို့ လိုပါလိမ့်မယ်။ ရပ်ကွက်ထဲက လူတွေရေးသလို ပိုက်ဆံရတိုင်း လုပ်နေကြတယ် စတဲ့အသုံးအနှုန်းတွေ သုံးဖို့မသင့်တော်ပါ။ သတင်းတစ်ပုဒ်လုံးကို သေသေချာချာ ပြန်လည်နားထောင်ပြီးမှ ကျနော့်ထံကို စာရေးသားစေချင်ပါတယ်။ အ သံနဲ့လွှင့်တဲ့ သတင်းတစ်ပုဒ်ကို နားမထောင်ဘဲ ၀က်ဘ်ဆိုက်မှာ ရေးတာလောက်နဲ့ ဝေဖန်မဆန်းစစ်စေလိုပါ။ ကျနော့်သတင်းနဲ့ ပတ်သက်လို့ ဒီလောက်ပဲ ပြန်လည်ရေးသားလိုပါတယ်။ ဒီသတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်းတစ်ပုဒ် မဟုတ်ဘူးဆိုတာတော့ မျက်စိပိတ်မငြင်းဘူးဆိုရင် အားလုံးသိနိုင်ပါလိမ့်မယ်။ အသုံးပြုထား တဲ့ မူရင်းအသံဖိုင်များပါ ပူးတွဲပေးပို့ လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်စွာဖြင့် …
ထက်ရာဇာ

Thursday, August 21, 2008

ကလေး လူငယ်တွေအတွက်

စာပေလိုအပ်ချက်

ကိုဂျွန်

ကျွန်တော်တို့ ကလေးတွေအတွက် အလိုအပ်ဆုံးအရာကတော့ ဘာတွေလဲ။ ကလေးတွေတင် မဟုတ်ပါဘူး၊ လူငယ်တွေအတွက်ပါ လိုအပ်တဲ့ အဖြည့်ဆည်းသင့်ဆုံး အရာရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ကလေးစာပေနဲ့ လူငယ်စာပေတွေပါပဲ။ ဒီနေ့ မြန်မာစာပေလောကကိုကြည့်ရင် (ပြည်တွင်းရော ပြည်ပမှာပါ) ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ စာပေတွေဟာ အင်မတန်မှနည်းပါးလှပါတယ်။ ထုတ်လုပ်သူတချို့ ဟာ အဲဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းချင်ပေမယ့်လည်း ငွေးကြေးနောက် ကိုပဲလိုက်ပြီး ဆူ လွယ်နပ်လွယ်တဲ့ စာအုပ်တွေကိုပဲ ထုတ်လုပ်နေရတာကြောင့် အဲဒီကွက်လပ်ဟာ လစ်ဟင်းမြဲ လစ်ဟင်းနေခဲ့ရပြီး၊ တချို့ထုတ်လုပ်သူတွေကတော့ လက်ရှိအာဏာရှင်လည်းကြိုက် ကိုယ် လည်း မြိုးမြိုးမြက်မြက်ရတဲ့ စာအုပ်အမျိုးအစားတွေ ထုတ်လုပ်ခြင်းနဲ့ပဲ ပျော်မွေ့နေတာကို မြန်မာစာပေလောကမှာ တွေ့နိုင်မှာဖြစ်ပါတယ်။
ကလေးတွေဟာ အနာဂတ်ရဲ့ သူရဲကောင်းလေးတွေ၊ အသီးအပွင့်လေးတွေဖြစ်တယ် ဆိုတာ စာအုပ်ထဲက စာကြောင်းတွေပေါ်မှာပဲ ကျန်ခဲ့တာကြာခဲ့ပါပြီ။ အဲဒီအသီးအပွင့်လေးတွေ အဲဒီသူရဲကောင်းအလောင်းလျာလေးတွေရဲ့ ဖွံ့ထွားစည်ပင်ဝေဆာလာမယ့် ရေသောက်မြစ် အတွက် အဟာရဓာတ်လုံလုံလောက်လောက်ကိုတော့ မပေးဝေနိုင်ခဲ့ကြပါဘူး။ အဲဒီအတွက် ကြောင့်လည်း ကျွန်တော်တို့နိုင်ငံဟာ ပညာရေး၊ လူမှုရေး အစစအရာရာမှာ နိမ့်ပါးခဲ့ရပြီဖြစ်ပါ တယ်။ ကျွန်တော်တို့ငယ်စဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတင်ထူထောင်ခါစ ဆိုရှယ် လစ်နိုင်ငံတော်သစ်ဆီကို ချီတက်မယ်ဆိုတဲ့ ဦးနေ၀င်းရဲ့ ကြွေးကြော်သံအောက်မှာ ကြီးပြင်းခဲ့ ကြသူတွေပါ။ ဒါပေမယ့် အတိုင်းအတာတခုအရ ဦးနေ၀င်းရဲ့ လက်အောက်မှာ ကလေးတွေ လူငယ်တွေရဲ့ စာပေအသိဥာဏ်ဖွံ့ဖြိုးခွင့်တော့ ရရှိခဲ့ကြတယ်ဆိုတာတော့ အမှန်ပါပဲ။ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အကျွင်းအကျန်တခုလည်းဖြစ်ပါတယ်။ ဥပမာ- ရွှေသွေး၊ တေဇ၊ တို့ကျောင်းသားအပါအ၀င် စာပေဗိမာန်ကထုတ်တဲ့ စာအုပ်စာစောင်တွေဟာ ကလေးတွေ လူငယ်တွေအတွက် တီထွင်ဖန်တီး တိုးတက်ချင်တဲ့ အသိအမြင်တွေကို တိုးပွား လာစေခဲ့တယ်ဆိုတာ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်လူငယ်တွေအားလုံး သိရှိခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။
အဲဒီလို အစိုးရထုတ်စာစောင်တွေသာမကဘဲ ပုဂ္ဂလိကထုတ် ကာတွန်း မဂ္ဂဇင်း ဂျာနယ်တွေမှာလည်း ကလေးလူငယ်တွေအတွက် ၇၀% လောက်အကျိုးရှိစေမယ့် စာပေ အမျိုးအစားတွေဖြစ်ခဲ့ပါတယ်။ ဥပမာ ကာတွန်းဆရာကြီးတွေဖြစ်တဲ့ ဦးသန်းကြွယ်၊ ဦးအောင် ရှိန်၊ ဦးသော်က၊ ဦးမောင်လွင်၊ ဦးကျော်ဆန်း၊ ဦးအောင်အောင် စသူတို့ရဲ့ကာတွန်းတွေ၊ ဆရာဂယက်နီလို လူငယ်တွေကို ဦးတည်ပြီး ရေးသားထားတဲ့ စွန့်စားတဲ့စိတ်ကို မွေးမြူပေးတဲ့ ၀တ္တုတိုလေးတွေ အဲဒါတွေဟာ ကလေးလူငယ်တွေအတွက် အများကြီး အထောက်အကူဖြစ် စေခဲ့ပါတယ်။
ဘာသာပြန်တာပဲပြောပြော မှီငြမ်းတာပဲဆိုဆို ဆရာဦးသန်းကြွယ်ရဲ့ ကာတွန်းဇာတ် ကောင်တွေအများ ကြီးနဲ့ စွန့်စားခန်းတွေမြိုင်ဆိုင်လှတဲ့ ကာတွန်းဇာတ်လမ်းလေးတွေဟာလည်း ကျွန်တော်တို့ရဲ့စိတ်ကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ ကာတွန်းထဲကဇာတ်ကောင်တွေနဲ့ အတူ ကျွန်တော်တို့လည်း လိုက်ပါစွန့်စားရင်း သူရဲကောင်းဖြစ်ချင်စိတ်တွေ တဖွားဖွားပေါ် ပေါက်ခဲ့ပါတယ်။ အဲဒီလိုပဲ ဦးသော်ကရဲ့ဇာတ်ကောင်ဖြစ်တဲ့ အရိုင်းနဲ့အတူ မြစ်ဝကျွန်းပေါ်ရဲ့ သာယာလှပတဲ့မြင်ကွင်းတွေကို ရရှိခံစားနိုင်တဲ့စိတ်၊ သူ့ရဲ့အနုစိတ်ခြယ်မှုန်းထား တဲ့ အနုပညာအရသာကြောင့် ကျွန်တော်တို့ ညအိပ်ရာဝင်ချိန်မှာတောင် အိပ်မက်ထဲဝင်ရောက် လာတဲ့အထိ ရသတွေပေးစွမ်းနိုင်ခဲ့ပါတယ်။ ပြောရရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ အဓိက ပြောချင်တဲ့ အကြောင်းအရာကနေ သွေဖယ်သွားနိုင်တာကြောင့် ကာတွန်းအကြောင်းတွေကို နောက်မှပဲ သီးသန့်ပြောပြပါမယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ကလေးနဲ့ လူငယ်စာပေတွေဖွံ့ဖြိုးစ ၁၉၇၀ နဲ့ ၁၉၈၀ အတွင်း နောက်ပိုင်းမှာ လူငယ်တွေရဲ့ အသိအမြင်ဟာ ဖွံ့ဖြိုးလာပါတယ်။ ကျောင်းကသင်တဲ့ ပညာရေးစနစ်ဟာ နိုင်ငံတကာနဲ့ ဘယ်လိုမှ မယှဉ်နိုင် ဘူးဆိုတာ ပြင်ပ ဗဟုသုတတွေကတဆင့် လူငယ်တွေထဲကို တစိမ့်စိမ့်ဝင်လာတာကြောင့် ဦးနေ၀င်းအစိုးရက ပြင်ပစာပေတွေကိုထိန်းချုပ်ဖို့ ပထမဆုံးကြိုးပမ်းပါတယ်။ ဆိုလိုတာက ပြင်ပကမ္ဘာမှာဖြစ်ပေါ် နေတာ တီထွင်ဆန်းသစ်နေတာတွေက ကာတွန်းတွေထဲမှာ ပါဝင်လာပါတယ်။ ဥပမာ-တယ်လီဗေးရှင်းလို့ လူထုကြား ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးခင် ကြံ့ဗဟုံးကာတွန်းထဲမှာ တယ်လီဗေးရှင်းဆိုတဲ့ စကားလုံးပါလာတယ်။ အဲလိုပါလာတဲ့အခါ လူငယ်တွေက သိချင်တယ်။ သိတဲ့အခါ သူတို့လိုပဲသုံးချင်တယ်၊ သုံးဖို့အတွက် တီထွင်ချင်တယ်။ ဒါပေမယ့် အဆုံးသတ်လိုက်ရင် အဲဒီလိုတီထွင်နိုင်ဖို့ စွမ်းအားကမရှိဘူး။ တီထွင်နိုင်ဖို့စွမ်း အားဆိုတာက ငွေကြေး လည်း မဟုတ်ပါဘူး၊ လူအင်အားလည်းမဟုတ်ပါဘူး။ နည်းပညာပါ။
အဲဒီနည်းပညာတွေက ပညာရေးစနစ်ထဲမှာရှိပြီး အဆင့်မီတဲ့ပညာရေးမရှိရင် ခေတ်မီ ဆန်းသစ်တာတွေ ကို ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုအချက်တွေကို ကုန်းဘောင်ခေတ်နှောင်း ပဒေသရာဇ်ခေတ်အတွင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး လက်ထက်ကတည်းကပဲ သိရှိခဲ့ပါတယ်။ စနစ်ဆိုးအသီးသီးရဲ့ဒဏ်ရာပလပွနဲ့ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၁၉၇၀ နဲ့ ၈၀ ၀န်းကျင်လောက်မှာ ပညာရေးနဲ့ပတ်သက်ပြီး တဖန်ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒါကို အာဏာရှင်ဖြစ်သူ ဦးနေ၀င်းကသိတဲ့အတွက် စွန့်စားခန်းပါတဲ့ စာအုပ်အမျိုးအစားတွေကို အပစ်အခတ်အညှစ်အသတ်တွေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းချုပ်လာခဲ့ပြီး တက္ကသိုလ်ဝန်းကျင်မှာ ဘာမှ ကျောင်းပညာရေးကို အခြေမခံတဲ့၊ တက္ကသိုလ်ပညာရေးကနေ နည်းပညာပိုင်း ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေမပါတဲ့ အင်းလျားကန်ဘေးမှာ အနမ်းပွင့်ဝေတဲ့ အချစ်ကိုကိုယ်စားပြုတဲ့ (အနု ပညာရသပါတဲ့ အချစ်ဝတ္ထုတွေကိုမရည်ရွယ်ပါ) ၀တ္ထုတွေကို များများထုတ်ဝေခွင့် ပြုလိုက်ပါတယ်။ စာလုံး တလုံး၊ စာကြောင်းတကြောင်းနဲ့ အရေးမကြီးတဲ့ အကြောင်းအရာကိုငြင်းခုန်ပြီး စာပေဝေဖန်ရေးဆိုတာကို ခေါင်းစီးတပ်ပြီး စာပေသမား အချင်းချင်း ရန်တိုက်ပေးတဲ့ အပြန်အလှန်ရန်ဖြစ်တဲ့ ဆောင်းပါးတွေ အင်တာဗျူး တွေကိုလည်း စာပေစိစစ်ရေးက ရွှေသဘောတော်ကောင်းကောင်းနဲ့ ခွင့်ပြုထား လိုက်ပါတယ်။ အဲဒီလိုရန်ဖြစ် နေတဲ့အတွက် စာပေအသစ်ဖြစ်ပေါ်မှု၊ မြန်မာစာပေဖွံ့ဖြိုးမှု၊ စာပေကတဆင့် ပြည်သူဆီကို အသိပညာပေးပို့မှု တွေ နှောင့်နှေးခဲ့ရတာကိုက အာဏာရှင်တွေအတွက် အောင်မြင်မှုတခုဖြစ်ခဲ့ တယ်လို့ဆိုရမှာပါပဲ။
ဒါပေမယ့်လည်း အဲဒီလောက်ဖိနှိပ်နေတဲ့ကြားက ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာကျော် လူထုဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးဟာ ပြည်သူလူထုကို ဖိနှိပ်ထားတဲ့ မဆလ တပါတီအာဏာရှင်စနစ်ဆိုးကို အပြီးတိုင်မောင်ထုတ်နိုင်ခဲ့ပါတယ်။ ပြန်လည်ဆန်းစစ် ကြည့်တဲ့အခါ ငကန်း(မဆလ) သေလို့ ငစွေ (နအဖ) ပေါ်ပေါက်လာခဲ့ပေမယ့် အဲဒီတုန်းက ငကန်းသေအောင်လုပ်နိုင်ခဲ့တာဟာ အဲဒီတခေတ်ရဲ့ လူငယ်တွေကိုကိုယ် စားပြုခဲ့တဲ့ စာပေတွေကြောင့်ပါပဲ၊ ကာတွန်းတွေကြောင့်ပါပဲ။ အဲဒီကာတွန်းတွေ စာပေတွေထဲက ပေးခဲ့တဲ့ အမှန်မြင်စေတဲ့ အသိပညာတွေရရှိခဲ့ကြလို့ပါပဲ။ အခု ငစွေပေါ်လာပြီး ငစွေက တထောင်ထောင်နဲ့ နေနိုင်တာ ဟာ ငကန်းတုန်းကအားနည်းချက်ကို အထူးပြင်ဆင်နိုင်လို့ဆိုတာကို ကျွန် တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ မဆလခေတ်တုန်းကတောင် တားမြစ်ခဲ့တဲ့ တစ္ဆေသူရဲစာအုပ်တွေပြန်ပေါ်လာတယ်။ အကြောင်းမဲ့ပေါ်လာတာ မဟုတ်ပါဘူး။ အသေအခြာ ထုတ်ဝေခွင့်ပြုလိုက်တာပါ။ ဒါမှ လူတွေက တစ္ဆေသူရဲတွေကို ကြောက်တဲ့စိတ်ဖြစ် ပေါ်လာမယ်။ နောက် တဆင့်တက်ပြီးပြောရရင် ကြောက်တဲ့စိတ်ကို စနစ်တကျ မွေးမြူဖို့အတွက် ထုတ်ဝေခွင့် ပေးထားတာပါ။ လူငယ်စွန့်စားခန်း စာအုပ်အသစ်တွေထွက်မလာဘဲ၊ ကလိထိုးရယ်ရတဲ့ ၀တ္တုတွေ ဘုံးဘောလအော ပေါ်ပေါက်လာတယ်။ လက်ရာမကောင်းတဲ့ ရုပ်ပြလက်ရာတွေပေါ် ပေါက်လာတယ်။ အဲဒါဆိုရင် ဆုံးရှုံးမှုများတယ်။ ပထမတချက်က ကလေးတွေကို ဆွဲဆောင်နိုင်စွမ်းမရှိတဲ့ လက်ရာတွေကြောင့် ကလေးတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းလုံးဝ မရှိတော့ဘူး။ ဒုတိယတချက်က အခုဖတ်ပြီး အခုမေ့စာအုပ်မျိုး ဖြစ်နေတော့ ဖန်တီးတဲ့ ရုပ်ပြ လက်ရာရှင်တွေကလည်း အနုပညာအရည်အသွေး အလွန်ညံ့ဖျင်းလာတယ်။ အဲဒီအချက်ဟာ လည်း အင်မတန်ကြောက်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာကြော်ကြားနေတဲ့ ကာတွန်းရုပ်ရှင်တွေနဲ့ ဂိမ်းတွေဟာ အဲဒီလို ရုပ်ပြတွေကမှတဆင့်ဖြစ်ပေါ်ခဲ့တာပါ။ အခုလို ညံ့ဖျင်းနေရင် ဘယ်လိုမှ အဆင့်မီတဲ့လက်ရာတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒီလို ညံ့ဖျင်းရတာကလည်း အနုပညာ ရှင်တွေအပေါ်မှာ အာဏာရှင်နဲ့အတူ ကိုယ့်ဖို့အတွက်သာသိတဲ့ ထုတ်လုပ်သူအချို့ရဲ့ အောက်တန်းကျတဲ့ စိတ်ကြောင့်ပါပဲ။ အနုပညာတရပ်ကို အရည် အသွေးထက် အရည်အတွက်များအောင် လုပ်လာရင်တော့ အဲဒါဟာ အနုပညာမဟုတ်တော့ သလို အနုပညာကတဆင့် စီးဆင်းသွားရမယ့် သုတရသတွေဟာလည်း ခြောက်ခန်းသွားစေမှာအမှန်ပါ။
အဲဒါကြောင့် အာဏာရှင်ကို ချေမှုန်းဖို့ဆိုရင် နိုင်ငံရေးအသိပညာကို အတုံးလိုက်အတစ်လိုက် ပေးနေ ရုံနဲ့မရဘဲ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေအတွက် ရည်ရွယ်တဲ့ ကလေးလူငယ် စာပေကောင်းတွေကိုလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ ထုတ်လုပ်ဖို့ အရမ်းလိုအပ်လာတယ်လို့ထင်ပါတယ်။ သုတရတနာသိုက်လို ရုပ်ပြစွယ်စုံကျမ်းစာအုပ်တွေကို ထပ်မံထုတ်ဝေသင့်ပါတယ်။ (သုတရတနာသိုက် စာအုပ် က တိုယိုတာဖောင်ဒေရှင်းက မြန်မာကလေးသူငယ်တွေအတွက်ရည်ရွယ်ပြီး ထုတ်ဝေတဲ့စာအုပ် ပါ။ အတွဲ (၁၀) တွဲရှိပြီး မဆလခေတ်က ကျောင်းပညာရေးမှူးနဲ့ အာဏာပိုင်အဖွဲ့အစည်း တွေက အထုပ်လိုက်ယူထားပြီး ၈၈ အရေးတော်ပုံကြီးပြီးမှ အပြင်စာအုပ်ဆိုင်တွေကိုရောင်းစားပါတယ်။ သာမန်လူတန်းစားတွေ လက်လှမ်းမမီတဲ့ ဈေးနှုန်းမို့ အဲဒီခေတ်က ကလေးသူငယ်တိုင်း မဖတ်ခဲ့ရပါဘူး)။
ကလေးနဲ့ လူငယ်ရဲ့ သဘာဝကိုက သူတို့ရဲ့ ဦးနှောက်လေးတွေထဲကို အစိုင်အခဲလိုက်ဝင်တာမျိုးကို မလိုလားပါဘူး။ ဆေးတိုက်သလိုပဲ ရေဖျော်ပြီးတိုက်ရတာမျိုးပါ။ ပြည်တွင်း မှာလည်း ထုတ်လုပ်သူတွေက ကလေးတွေရဲ့အနာဂတ်ကို ရည်ရွယ်တဲ့စာအုပ်မျိုးတွေကို အထူးအလေးထားပြီး ထုတ်ဝေသင့်ပါတယ်။ ကလေးစာပေ၊ လူငယ်စာပေနဲ့ပတ်သက်တဲ့ နှီးနှောဖလှယ်တာမျိုးတွေကိုလည်း လုပ်သင့်ပါတယ်။ စုန်း ကဝေ မှော် ဗေဒင် အင်း အိုင် စာအုပ်မျိုးတွေ၊ တက္ကသိုလ်တောင်မှ ထန်းတောထဲမှာ ဖွင့်ထားပေးချိန်မှာ အင်းလျားကန်ဘေး က စိတ်ကူးယဉ်တဲ့အချစ်ဝတ္ထုတွေ၊ ကလိထိုးရယ်ရတဲ့ ၀တ္ထုတွေကိုလျှော့ချသင့်နေပါပြီ။ စီးပွား ရေးအရဆိုတာကိုတော့ ကျွန်တော်တို့နားလည်ပါတယ်။ နောင်အနာဂတ်မှာ လွတ်လွတ် လပ်လပ်နဲ့ လုပ်ကိုင်နိုင်မယ့် စီးပွားဖွံ့ဖြိုးမယ့် ဒီမိုကရေစီစနစ်ကိုမျှော်ကိုးခဲ့ရင် ကလေးတွေ လူငယ်တွေ အတွက် ခွန်အားဖြစ်စေမယ့် စာအုပ်စာပေတွေကို ပြည်တွင်းရော၊ ပြည်ပမှာပါ ထုတ်ဝေပေးကြပါလို့တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ . . .။
ကိုဂျွန်

Tuesday, July 29, 2008

KT Tunstall dedicates Suddenly I see to Aung San Suu Kyi

Monday, July 28, 2008

Black Eyed Peas dedication to Aung San Suu Kyi

ဒီမိုကရေစီ သူရဲကောင်းများ

၈၈၈၈ နောက်ပိုင်း ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော ကျောင်းသားများ(ဒီမိုကရေစီ သူရဲကောင်း)များ အကြောင်းကို ကိုဈာန်ဘလော့ဘ်မှာ ဖတ်ရှုနိုင်ပါတယ်။

Template by - Ultimate Fighters | Ultimate Fighters Blogger Template