Monday, May 19, 2008


အင်္ဂလိပ်စစ်သဘောင်္တွေနဲ့ ပြင်သစ် မြန်မာ့ကမ်းလွန်ပင်လယ် ရေပိုင်နက်ထဲရောက်နေပြီတဲ့။ အမေရိကန်ရေတပ်သင်္ဘောတွေကတော့ မြန်မာ့ကမ်းလွန်ပင်လယ်ကနေ မိုင် ၆၀ အကွာမှာ ရောက်နေပြီတဲ့။ ဒီသတင်းကို ဖတ်ပြီးတဲ့အချိန်မှာလည်း နအဖစစ်အုပ်စုရဲ့ မဟာ့မဟာခေါင်း ဆောင်အမည်ခံ မောင်မောင်သန်းရွှေတယောက်လည်း ဧရာဝတီတိုင်းကိုသွား၊ ဒလကိုသွားနဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က လုပ်ရမယ့်အလုပ်တွေကို သိမ်းကြုံးလုပ်ဟန်ဆောင်ပြနေတဲ့ မြင်ကွင်း ကို မြန်မာ့ရုပ်သံက မြင်ပြီးတဲ့နောက် ဒီစာကို မရေးလို့ကို မရတော့လို့ ရေးမိလိုက်ပါတယ်။ ကျွန်တော့်တို့ အနေနဲ့တော့ သိပ်နောက်ကျသွားပြီလို့ပဲ မောင်မောင်သန်းရွှေကို ပြောပါရစေ တော့။ ဘယ်လိုဥပမာမျိုး ပေးရမလဲဆိုရင် မနက်ဖြန်စာမေးပွဲအတွက် တနှစ်လုံးစာတွေကို တရက်လိုမှ စုပေါင်းကျက်တဲ့ ကလေးတယောက်ရဲ့ သောကဖြစ်နေပုံမျိုးနဲ့ပါ။ ဒါပေမယ့် ကလေးတယောက်ရဲ့ မျက်နှာမှာတော့ အပြစ်ကင်းကောင်းကင်းနေပါလိမ့်မယ်။ သူကတော့ ပြစ်မှုကြွေးတွေကို သွေးနဲ့ ဆပ်ရမှာစိုးတဲ့အတွက် အခုအခံအကာအကွယ် လုပ်နေရတာ ကြောင့် အပူရုပ်ဟာ အင်မတန်မှ အော်ဂလီဆန်စရာ ကောင်းလှပါတယ်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့မရသလိုပဲ အခု လူတွေသိန်းချီပြီး သေဆုံးရတဲ့ကိစ္စ၊ နောက်ထပ် ရောဂါ ဘယတွေနဲ့ သေဆုံးဦးမယ့်ကိစ္စတွေအတွက် မောင်မောင်သန်းရွှေမှာ လုံးဝလုံးဝ တာဝန်ရှိပါ တယ်။ အခုလည်း အင်္ဂလိပ်စစ်သဘောင်္တွေ မြန်မာ့ရေပိုင်နက်ထဲရောက်နေတာရယ်၊ ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘက်ကီမွန်း ဗုဒ္ဓဟူးနေ့မှာ လာတော့မှာရယ်ကို ကြောက်ပြီး အလုပ် တွေ ဟန်ဆောင်လုပ်ပြနေရတာဖြစ်မှာပါ။

တကယ်တော့ မုန်တိုင်းကိုကာကွယ်လို့မရနိုင်ဘူးပဲဆိုပါစို့ ဖြစ်ပြီးတဲ့အချိန်မှာ ကယ်ဆယ်ရေး အလျှင်အမြန် လုပ်နိုင်ခဲ့ရင် သူတို့လိမ်ညာကြေညာတဲ့ သောင်းဂဏန်းအထိတောင် ရောက်နိုင် မယ် မထင်ပါဘူး။ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးတွေ ဆေးဝါးတွေ ရိက္ခာတွေသာရှိခဲ့ရင် ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့အသက် ဒီလောက်ဆုံးရှုံးနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ ရက်စက်ယုတ်မာလှတဲ့ စစ်ဖိနပ်အောက်က ပြည်သူတွေဘ၀ဟာ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလို မုန်းတိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးဆိုတာ ဝေးလို့ အသက်ရှင်ဖို့တောင် အနိုင်နိုင်ဖြစ်နေဆဲပါပဲ။

အခုလည်း နိုင်ငံတကာအပေါ် ဟန်ဆောင်လိမ်ညာမှုတွေပြုလုပ်တဲ့ ခရီးစဉ်တွေမှာ နအဖ စစ်ဗိုလ်ချုပ် အမည်ခံသူတွေ သိပ်ကြောက်နေပြီဆိုတာ ထင်ရှားလှပါတယ်။ သူတို့အတွက် ၀ါဒဖြန့်ချိပေးတဲ့ ရုပ်မြင်သံကြားသတင်းဌာနတွေနဲ့ ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေမှာ နိုင်ငံတကာက ကယ်ဆယ်ရေးတပ်ဖွဲ့တွေ မြန်မာ့ရေပိုင်နက်ထဲ ရောက်နေပြီဆိုတာကို တလုံးတပါဒမျှ ပြောကြားသွားခြင်းမရှိပါဘူး။ အရင်ကတော့ သူတို့ ၀ါဒဖြန့်ချိရေး ဘလော့ဂ်တွေိကိုကြည့်လိုက်တိုင်း အမိမြေကို တလက်မမျှ အကျူးကျော်မခံ၊ အသက်သေတဲ့အထိတိုက်မယ်၊ သတ်ရဲသေရဲလို့ စစ်သားလုပ်လာတာ၊ စတဲ့ ကြွေးကြော်သံတွေ ညံစာနေခဲ့သူတွေက အခု တလက်မမဟုတ်ပါဘူး မိုင် ၂၀ လောက် ခရီးပေါက်ခဲ့ချိန်မှာ C Box ပိတ်ပြီး ပြေးသူပြေး လေသံပြောင်းသူပြောင်း ဖြစ်ကုန်ပါပြီ။

ရုရှားက မဟာ့မဟာနောက်လိုက်ကောင်း စစ်ဗိုလ်ပေါက်စလေးတွေတစုကလည်း ရုရှားကပဲ အထုတ်ပြင်နေပြီလား၊ နိုင်ငံရေးခိုလှုံခွင့်တောင်းနေပြီလား မဆိုနိုင်ပါဘူး။ အခု သူတို့ပြောပြောနေတဲ့ ကျူးကျော်သူတွေတော့ တကယ်ရောက်လာခဲ့ပါပြီ။ ဘာလေသံတခွန်းမှ မဟရဲတာတော့ အံ့သြလို့မဆုံးပါဘူး။ ဘလော့ဂါ ညီမလေးတဦးရေးတဲ့စာတပုဒ်ကိုတော့ နှုတ်သီးကောင်းလျှာပါး ငါးစိမ်းသည်လေသံနဲ့ ရန်တွေ့တဲ့ ရဲရဲတောက် သတ္တိရှင် မဟာ့မဟာ စစ်သူရဲကောင်းကြီးကတော့ DSA မှာ ကြိုးတုပ်ထားသူကိုမှ ရိုက်နည်းပဲ သင်ထားခဲ့ဖူးဟန် တူပါရဲ့ တကယ်တိုက်မယ့်သူတွေလည်း လာပြီဆိုရော ဘာဆောင်းပါးတပုဒ်မှ တက်ဖို့မပြောနဲ့ ရှိထားတဲ့ C Box တောင် ပိတ်ပြီးပြေးပါပြီ။ အဲဒီတော့ ကျွန်တော်တို့က ပြန်ပြီး ညှာတာစွာနဲ့ စဉ်းစားကြည့်မိပါတယ် သူတို့ကိုအုပ်ချုပ်သူလို့ အမည်ခံထားတဲ့ မဟာ့မဟာတပ်ချုပ်ကြီး ကိုယ်တော်တိုင်ကတောင် ဒီလောက်ကြောက်နေပြီဆိုရင် သူတို့လို ဖိနပ်ဆွဲ ထီးကိုင်ရဲ့ နောက်က လေးဘက်ကုန်းလိုက်ရသူအဖို့ ကြောက်တာမဆန်းပါဘူးလို့ ဆိုရမှာပါပဲ။ ပြောတုန်း က ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး မေမေရေ ခွေးကြိုးချည်ထားပါဦးလိုမျိုးတော့ ဖြစ်နေပြီ။ ကိုယ့်ရေပိုင်နက်ထဲ ရောက်နေတာတောင် ဘာမှ ပြန်မတုန့်ပြန်ရဲဘဲနဲ့ လက်နက်မရှိတဲ့ ပြည်သူတွေအပေါ်မှာတော့ အနိုင်ကျင့်တတ်တဲ့ စိတ်ဓာတ်အောက်တန်းကျသူ လက်တဆုပ် စာစစ်အုပ်စု အောက်မှာတော့ ဘယ်ပြည်သူကမှ မနေချင်ကြတော့တာ သေချာနေပါပြီ။

ဝဋ်ဆိုတာ သိပ်မကြာပါဘူး။ ပြန်လည်ပါတယ်။ စက်တင်ဘာအရေးတော်ပုံမှာ ကျခဲ့တဲ့ သံဃာတော်တွေရဲ့ သွေးတွေဟာ မုန်တိုင်းမိုးကြောင့် ခြောက်သွားလိမ့်မယ်တော့ မထင်ပါနဲ့။ အခု မောင်မောင်သန်းရွှေတို့အလှည့် လာပါပြီ။ ၈၈၈၈ အရေးတော်ပုံ အနှစ် ၂၀ ပြည့် ကာလနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် လူထုက ပြန်အရေးသာတဲ့အချိန် ရောက်နေပါပြီ။ အခုလည်း လူတွေ မုန်တိုင်းထဲမှာ အသေဆိုးနဲ့သေရ၊ ကိုယ့်ဆွေကိုယ့်မျိုး အလောင်းတောင်ပြန်မရနဲ့ သောကတွေ တပွေ့တပိုက်နဲ့ ပူဆွေးနေချိန်မှာ မဲနိုင်လို့ဆိုပြီး ရယ်မောရက်တဲ့လူတွေအတွက် တရားသောစစ်ကချေမှုန်းခြင်းကို ခံရပါတော့မယ်။

တကယ်တမ်း တရားတဲ့စစ်ဖြစ်လာချိန်မှာလည်း ပြည်သူ့ရင်ခွင်မှာ ခိုလှုံလာမယ့် ပြည်သူ့စစ် သားတွေ အများကြီးရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်။ ကောင်းမှု မကောင်းမှုကို ခွဲခြမ်းစိတ်ဖြာ သိနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ နအဖရဲ့ နေ၀င်ချိန်ကတော့ နီးသထက် နီးလို့လာနေပါပြီ။

1 comments:

အောင်ဇေယျ said...

ကျွန်အောက်က သဘောက်မသားတွေကို

ုဆဲဖို့သွားရင်းနဲ့တွေ့လို့ဝင်လာလည်တာဗျို့ ။ post

ကိုကြိုက်လွန်းလို့ link လုပ်ခွင့်ပေးပါလို့

တောင်းဆိုပါရစေ။

ကျွန်တော့်ရင်ထဲကပြောချင်နေတာတွေကို

ထင်ဟပ်လွန်းလို့ပါ။

တရားသောစစ်ကိုဆင်နွဲရမယ့်အချိန်၊ မိစ္ဆာအခက်

မြန်မာအချက်ဆိုတဲ့အချိန်ကိုေ၇ာက်ရှိနေပါပြီ။

အမိမြန်မာနိုင်ငံတော်ကို မျိုးချစ်သူရဲကောင်းများနဲ့

တည်ဆောက်ကြပါစို့။

Template by - Ultimate Fighters | Ultimate Fighters Blogger Template