Sunday, May 18, 2008



ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ မြန်မာပြည်ရဲ့ အသည်းနှလုံးအိမ် ဖြစ်တဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသကြီးနဲ့အတူ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် တွေကိုပါ တိုက်ခတ်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက ပြည်သူတွေကပါ ပူဆွေးသောက ရောက်နေကြချိန်မှာ နအဖစစ်အုပ်စုကတော့ အဲဒီမြင်ကွင်းတွေကို ဒူးနန့် ထိုင်ကြည့်ရင်းနဲ့ သူတို့တွေ အာဏာတည်မြဲရေးဖြစ်တဲ့ မဲပေးပွဲကိုသာ အာရုံစိုက်နေခဲ့ပါတယ်။

အခုအချိန်မှာတော့တင်းကြပ်စွာပိတ်ပင်ထားတဲ့ကြားထဲက သတင်းပေးပို့ခဲ့ကြလို့ ဆိုးရွားလှတဲ့ မုန်တိုင်း မြင်ကွင်း တွေ နဲ့အတူ သေဆုံးမှု ပုံရိပ်တွေဟာလည်း ၀မ်းနည်းစရာအဖြစ် တွေ့မြင်ကြပြီးဖြစ်မှာပါ။ အဲဒီလိုအချိန်မှာ နိုင်ငံတကာက ပေးပို့လှူဒါန်းတဲ့ အကူအညီတွေကို ဟန်ပြပဲလက်ခံပြီး အမှန်တကယ်ကူညီကယ်ဆယ်မယ့်
ကယ်ဆယ်ရေးတွေ အဖွဲ့အစည်းတွေကိုတော့ ခေါင်းမာစွာနဲ့ ငြင်းဆန်မြဲ ငြင်းဆန်နေပါတယ်။ အဲဒီလို ငြင်းဆန်ခဲ့ တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေ၊ အသက်ရှင်ပေမယ့်လည်း ရောဂါဘယ ကူးစက်ပျံ့ နှံ့ လာမှုတွေ အစာရေစာနဲ့ ဆေးဝါးမလုံလောက်မှုတွေ စတဲ့ ကိန်းဂဏန်းတွေဟာ မြင့်မားလာနေပြီဖြစ်ပါတယ်။
အခုလည်း အဲဒီလိုအရေးကြီးတဲ့အချိန်မှာ တက်ကြွတဲ့ ကူညီဆောင်ရွက်ခြင်းတွေမပြုဘဲ နိုင်ငံတကာက ကူညီမှုတွေကို အရေးတကြီးပေးဖို့ လိုအပ်နေပြီလို့ ပြောနေချိန်ကျမှ နိုင်ငံတော်ကို အုပ်ချုပ်သူလို့ ကိုယ့် ကိုယ်ကိုယ် အမည်ခံထားတဲ့မောင်သန်းရွှေက သူလာရင်ကြည့်ဖို့ အဆင်သင့်ဆောက်ထားတဲ့ ကယ်ဆယ် ရေးတဲအတုတွေဆီ ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်နေပုံကို မြန်မာရုပ်သံဆိုတဲ့ နအဖ၀ါဒဖြန့်ချိရေးဌာနက ၁၈ - ၅ - ၂၀၀၈ ည ၈း၀၀ နာရီသတင်းမှာ အရှက်မရှိလွှင့်သွားတာ တွေ့လိုက်ကြမှာပါ။ မောင်သန်းရွှေပုံနဲ့အတူ သူတို့ရဲ့ ကိုယ်ပိုင်ခိုးခွင့်အတွက် ကိုယ့်ဖက်ကိုယ်ယက်တဲ့ ကြေငြာချက် တသီတတန်းကြီးကိုလည်း ကြားလိုက်ကြမှာဖြစ်ပါတယ်။

ကျွန်တော်တို့သဘောအကျဆုံးကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန်၊ ဥရောပနိုင်ငံတွေအားလုံးကို နအဖစစ်အုပ်စုက အရေးယူနိုင်တယ်ဆိုတဲ့ အပေါက်မျိုးချိုးထားတဲ့ ကြေညာချက်တပိုင်းတစကိုပါ။ မုန်တိုင်းနဲ့ ပတ်သက်ပြီး သူတို့ကလွဲလို့ ဘယ်သူမှ အလှူခံခွင့်၊ ထိန်းသိမ်းခွင့်မရှိပါဘူးတဲ့။
အဲဒီလို ထိန်းသိမ်းထားရင် အလှူခံထားရင် အရေးယူပါမယ်တဲ့။ ကုလသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန်၊ ဥရောပနိုင်ငံတွေအားလုံးကလည်း နာဂစ်မုန်တိုင်းဘေးအတွက် အလှူခံထားတာလည်းရှိတယ်။ အလှူခံပစ္စည်း တွေကိုလည်း နအဖက၀င်ခွင့်မပြုတော့ ဂိုထောင်တွေထဲမှာပဲ သိမ်းထားရတာ တွေကလည်းရှိတယ်လေ။ အဲဒီတော့ သူတို့ကြေညာသလိုမျိုးဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက တရားမ၀င် အလှူခံသူတွေအဖြစ်ကို အလိုလိုရောက်ရှိသွားအောင် ကြေညာလိုက်တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ဒီကြေငြာချက်တွေကို ဒီလိုပဲမြင်ပါတယ်။
(၁) ကိုယ်တိုင်ပဲခိုးမယ်
(၂) တကယ့်စေနာရှင်တွေပါဝင်ဆောင်ရွက်ရင် သူတို့ကလိမ်ကျနေတာနေတာတွေပေါ်သွားမယ်။
အဲဒါတွေကြောင့် ဒီကြေညာချက်တွေကို အရူးချီးပန်းထုတ်လိုက်တာပါ။


ဓာတ်ပုံရရှိခြင်းအတွက် ကျေးစေတမန်ဘလော့ဂ်အား ကျေးဇူးအထူးတင်ပါသည်


သူတို့လုပ်နေကိုင်နေတဲ့ အလုပ်တွေကို ကြည့်လိုက်ရင်လည်း ဟန်ဆောင်နေတာသိသာလှပါတယ်။ တကယ် အလုပ် လုပ်တာ မလုပ်တာကို 9/11 တုန်းက အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန် သမ္မတရဲ့ပုံရိပ်ကိုကြည့်ရင် သိသာပါတယ်။ အမေရိကန် နိုင်ငံသားတွေက ကိုယ့်အသိနဲ့ကိုယ် အလှူခံကြ ဒုက္ခရောက်နေတဲ့နေရာတွေကို သွားကြ၊ လုပ်အားပေးကြနဲ့ အမှန်တကယ် ကြည်နူးစရာမြင်ကွင်းတခုပါ။
ဘယ် နိုင်ငံတော်အုပ်ချုပ်သူကမှလည်း အလှူမခံရဘူး၊ ငါတို့ပဲ လှူရမယ်၊ ငါတို့ဆီကိုပဲလှူ ဆိုတာမျိုးတွေလည်း အမိန့်မထုတ်ပါဘူး။ အခင်းဖြစ်တဲ့နေရာကိုလည်း အမေရိကန်သမ္မတကိုယ်တိုင် သွားရောက် အားပေးကူညီခဲ့တာပါ။

အခုတော့ မောင်သိန်းစိန်ကိုပဲလွှတ်ပြီး နိုင်ငံတကာ အကူအညီတွေနဲ့ ကူညီချင်တဲ့ သူတွေကိုလည်း အမျိုးမျိုး နှောင့်ယှက်ပါသေးတယ်။ ကိုယ်တိုင်ကလည်း ဘာမှမလုပ်တတ် သူများရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေကိုလည်း စော်ကားနဲ့ဆိုတော့ ဆိုးရွားယုတ်မာလှတဲ့ နအဖရဲ့ စေတနာအမှန်ကို မသိလို့ ကိုမရတော့ပါဘူး။ တကယ်တော့ အနောက်နိုင်ငံကလူတွေ စည်းလုံးတာထက် ကျွန်တော်တို့ မြန်မာလူမျိုးတွေက အရေးကြီးရင် သွေးပိုစည်းပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေကိုတောင်မှ ကူညီခွင့်မရတဲ့ ဘ၀ဟာ အရမ်းဆိုးလှပါတယ်။ အခုအချိန်မှာတော့ အဲဒီလိုဟန်ဆောင်လုပ်နေတာတွေက တနေ့ထက်တနေ့
ပိုပြီးသာဆိုးရွားလာနေတာကြောင့် နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ အစောင့်အရှောက်တွေဟာ အထူးပဲ လိုအပ်နေပါပြီ။

ကူညီတာကို ကျူးကျော်ပါတယ်ဆိုတဲ့ မှိုင်းသွင်း ၀ါဒဖြန့်ချိထားတာတွေကိုလည်း ပြည်သူတွေက နားလည် သိရှိနေပြီဖြစ်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့အတူ နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့များ မြန်မာ ပြည်ရဲ့ ဒုက္ခတွေကို အလျှင်အမြန်လာရောက်ကယ်ဆယ်နိုင်ပါစေကြောင်း ထောက်ခံရေးသား တင်ပြလိုက်ရပါတယ်။

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template