Friday, May 16, 2008



မုန်တိုင်းဆိုလား
လေဘေးဒုက္ခ၊ ရေဘေးဒုက္ခ
ရေအေးတမှုတ်မျှ
တခုတ်တရ တိုက်ရအောင်။

ဆံပြုတ်တဇွန်းနဲ့
တို့ကျွန်း ငါ့ရွာ ပြန်ပေးတယ်။

ဘီစကစ်တချပ်၊ ဆယ့်နှစ်ကျပ်ခွဲ
သေခွဲလား ရှင်ကွဲလား၊
မာမားတထုပ်၊ ဒီဇာတ်ထုပ်ကို
ရေနွေးပြုတ်ပြီးကြည့်ပါတော့။

ဒီလှိုင်းတွန်းယူ၊ ကျွန်းသူမြစ်ဝ
သေကြ ချွေမွ ၊ ကြွေမွ မြေယာ၊
ဘဝဆိုတာ သင်္ချိုင်းလား။

သမီးလေးကို၊ မထွေးပွေ့နိုင်
အဖေကိုယ်တိုင်၊ အိမ်တိုင်ဖက်ရင်း။

သားအကြီးဆုံး
အုန်းပင်ကြိုကြား၊ ခေါင်းခါးငိုက်စိုက်။

ငါ့သား ငါ့နွား၊ ငါ့စပါး
ဆားငံရေရဲ့ စစ်မြေပြင်။

မြေးမြစ်တီကျွတ်၊ ပြေးမလွတ်လည်း
လွတ်မြောက်ရာကို ငံ့လင့်ပါ။

တူ တူမများ
ဖိုးဖွားအို လက်
ဘယ့်တွက် ဖြုတ်ထွက်သွားတာလဲ။

ဆွေမျိုးဝမ်းသိုက်၊ ဥကွဲခိုက်
တိုက်တဲ့မုန်တိုင်း၊ ဒီရေလှိုင်းက
အနိုင်းရှိရင် သိချင်ရဲ့။

ဆားငံရေက
မြစ်ဝကျွန်းပေါ်၊ ကျော်လွားဖုန်းလွှမ်း
ဝမ်းစာစပါး၊ ဘယ်တရားနဲ့
ကိုယ့်အားကိုယ်ကိုးရမှာလဲ။

ရေသောက်ချင်တယ်
ရေငတ်တယ်၊
မတ်တပ်သေတာ မြင်ဖူးလား။

လူဖြူလာမလား၊ ဘိုတွေလာမလား
ဟိုလူဒီလူ လာမလား။

ကယ်ပါ ကူပါ၊ လုပ်ကြပါလို့
ဗေဒါတောက ငါ့ငယ်သံဟဲ့
ရဲနဲ့ စစ်တပ်၊ ညှပ်ပူးညှပ်ပိတ်
သွားလမ်းလာလမ်းပိတ်ပြန်တယ်။

ဝဋ်ဒုက္ခလား၊ ကပ်ကြီးလား
အမေကြားချင် သိချင်တာလေ
ရေသန့်တွေလာ၊
မုန့်တွေလာ၊ ခေါက်ဆွဲတွေလာ၊
ကုလလာမလားတဲ့။

ပြင်သစ်ရဲ့မာန်၊ အင်္ဂလန်တွေ
အမေရိကန်တွေလာကြပြီ တဲ့
အဲ့ဒါတွေ … အဲ့ဒါတွေ … အဲ့ဒါတွေ … မဟုတ်ဘူး
ဘုရင်ရူးတွေ မလာကြနဲ့။
သေသာ သေပါ သေပါတော့လို့
သေပါဟဲ့လို့ အော်ငိုချင်တာ
မုန်တိုင်းထဲက အမေပါ။

အမေတို့မှာ
မူးလို့ရှူစရာ မရှိ
ရူးလို့ ပျူငှာစရာ မသိ
ဇာတိရွာကို ပြန်ချင်တယ်။

လယ်ကွင်းမြစိမ်း၊ လေပြင်းယိမ်းနဲ့
စိမ်းကားသွားခဲ့သူတွေထဲမှာ
ဘယ်သောအခါမှ မပါခဲ့ပါ။

မောင်လွမ်းဏီ
၁၆ - ၅ - ဝ၈

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template