Saturday, May 17, 2008

တောင်းဆိုလိုက်ပါသည်

ပြီးခဲ့တဲ့ ၁၅ ရက် မေလ ၂၀၀၈ နေ့လည် ၁၂ နာရီ ၄၅ မိနစ်လောက်က ရန်ကုန်မြို့ လှည်းတန်းမှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ထိရောက်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်လာဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတခု ဖြစ်ပွား ခဲ့ပါတယ်။ မုန်တိုင်းကြောင့် အသက်မသေသင့်ဘဲ သေဆုံးကြသူတွေကို စနစ်တကျမြှုပ်နှံနိုင်ဖို့နဲ့ အသက် မသေဘဲ ကျန်ရစ်ခဲ့သူတွေကို ကျန်းမာရေး နေထိုင်ရေး စားသောက်ရေးကိစ္စတွေကို အရေးတကြီး တာဝန်ယူ စောင့်ရှောက်မှုတွေ ပြုလုပ်ဖို့လိုအပ်လှပါတယ်။ တာဝန်ရှိတဲ့ နိုင်ငံခေါင်းဆောင်လို့ အမည်ခံ ထားတဲ့သူတွေက ကမ္ဘာကိုလိမ်ညာပြီး ဟန်ဆောင်အလုပ်တွေလုပ်ပြနေတာကို နိုင်ငံတကာက ပေါ်ပေါ်ထင်ထင် ဆန့်ကျင် ဆန္ဒ ထုတ်ဖော်ခွင့်ရကြပေမယ့် ပြည်တွင်းက ပြည်သူတွေကတော့ အချိန်တိုတိုအတွင်းမှာပဲ ကိုယ့်ပြည်သူပြည် သားတွေ ဒုက္ခမရောက်ရေးကို ကြိုးပမ်းကြရရှာတာကြောင့် ဆန္ဒပြချိန်ကတော့ ၁၀ မိနစ်လောက်ပဲ ကြာမြင့်ခဲ့ ပါတယ်။ ပြည်သူတွေအတွက်ကတော့ ဒီစစ်အာဏာရှင်အောက်မှာ ဒုက္ခတွေ တခုပြီးတခု ရင်ဆိုင်နေကြရပါပြီ။ တကမ္ဘာလုံးက ကယ်တင်ခွင့်ကိုတောင် ပိတ်ပင်ထားတဲ့ အာဏာရှင်တွေဟာ ဒီမြေပေါ်မှာမရှိသင့်တော့ပါဘူး။ အသက်မသေဘဲကျန်ခဲ့ပေမယ့်လည်း မိုးတွင်းကို ၀င်ရောက်လာပြီ ဖြစ်တာကြောင့် ရောဂါဘယတွေရင်ဆိုင်ရင်း အဖိုးတန်တဲ့အသက်တွေ သေဆုံးကြတော့မှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာက သဘာဝ ဘေးဒုက္ခနဲ့ ပတ်သက်တဲ့ ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ တတ်ကျွမ်းနားလည်တဲ့ ထိရောက် သွက်လက်မြန်ဆန်တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အလျှင်အမြန် လာရောက် ကယ်တင် ပေးနိုင်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။
အဲဒီလိုပဲ ဘယ်လိုမှ ထိရောက်မှုမရှိတဲ့ ကယ်ဆယ်ရေး အလုပ်ပြ ဟန်ဆောင်နေခြင်းတွေနဲ့အတူ နိုင်ငံတကာက ကူညီထောက်ပံထားတဲ့ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းတွေ ခိုးယူရောင်းချမှု၊ အစားအသောက်တွေကို တပ်တွင်း ရိက္ခာအဖြစ် သိုလှောင်မှု၊ ဒုက္ခသည်တွေကိုလည်း လုပ်အားပေး အဓမ္မခိုင်းစေမှုတွေကို အလျှင်အမြန် ရပ်ဆိုင်း ပေးဖို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template